25 September, 2012

ကမ္ဘာကျော် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်

အသက် ၂၀ အရွယ် ကျောင်းသားလူငယ်ဘဝနဲ့ မက်ဇူကာဘတ်က Facebook ဆိုတာကို တည်ထောင်ပြီး ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားပါတယ်။ စာရေးသူတို့ မြန်မာပြည်က အသက် ၂၀ ကျောင်းသား၊လူငယ် တွေ အတွက် အားကျစရာ ဖြစ်ပါတယ်။ သူ့လို ဖြစ်လာဖို့ လည်း စိတ်ကူးယဉ်သူများ ရှိပါလိမ့်မယ်။ သူ့လို တော်တဲ့သူ မရှိဘူးဆိုပြီး စာဖတ်သူတို့ ချီးမွမ်း နေပါလိမ့်မယ်။ ဇူကာဘတ်တင်မကပဲ အခြားအခြားသော ပြစရာ စံပြပုဂ္ဂိုလ် ပေါင်းများစွာ ရှိပါတယ်။ တော်တော်များများ ဟာ ကျောင်းသား လူငယ်ဘဝ ကတည်းကတင်
အောင်မြင်အောင် ဖန်တီးလာနိုင်သူများ ဖြစ်ပါတယ်။

ဒီတော့ မြန်မာပြည်က လူငယ်များကရော် သူတို့လို ဖြစ်နိုင်ပါ့မလား လို့ မေးခွန်းထုတ် စရာရှိလာပါတယ်။ စိတ်ပျက်အားငယ်သူ ရှိသလို၊ အားတက်သူများလည်း ရှိပါတယ်။ ဟိုအပြစ်တင်၊ ဒီအပြစ်တင်နဲ့ အပြစ်တင်မဆုံးသူများလည်း ရှိနေပါအုံးမယ်။ အပြစ်တင်နေရင် နှစ်ခါတိတိရှံးပါတယ်။ ထိုင်နေရင်တော့ ဒီထက် ပိုရှုံးသွားပါပြီ။ ဒီတော့ လက်ရှိ ရှိနေတဲ့အနေအထားမှာပဲ ကိုယ်က အကောင်းဆုံးဖြစ်လာအောင် ဖန်တီးရမှာ ဖြစ် ပါတယ်။ ကမ္ဘာကျော်ဖြစ်မလာနိုင်ဘူးလို့ရော် ဘယ်သူများ ပြောရဲပါသလဲ။ ဆန္ဒတစ်ခု သာရှိပြီး ကြိုးစားရင် ကြိမ်းသေဖြစ်ပါတယ်။ ဘယ် နယ်ပယ်ကိုမှ သီးသန့်မဆိုလို၊ နယ်ပယ်တိုင်းအတွက် ဖြစ်ပါတယ်။ ဘာသာရပ်အမျိုးမျိုး၊ ပရော်ဖက်ရှင်နယ်အားလုံး အတွက် ဖြစ်ပါတယ်။

ကိုယ်တိုင်ကရော် အောင်မြင်သူများထက် ပိုတော်၊ မတော် စမ်းစစ်ကြည့်ဖူးပါသလား၊ လူတစ်ယောက် တော်တာတွေ့တိုင်း ကိုယ့်ကိုပြန်လည် စမ်းစစ်တတ်ပါသလား။ ခြေ၊ လက်၊ ခေါင်း ပါတာချင်းတူတူ၊ လူချင်းအတူတူ သူတို့ကျတော်နေရတာလဲလို့ စဉ်းစားသူ များလည်း ရှိမယ်ထင်ပါတယ်။ စာဖတ်သူတို့လည်း တော်ပါတယ်။ အရည်အချင်းရှိပါတယ်။ ဘယ်သူကမှ ဦးနှောက် တစ်လုံး အပိုမပါပါ။ မျက်လုံး တစ်လုံးအပိုမပါပါ။ လက်တစ်ချောင်း အပိုမပါပါ။ အားလုံး အတူတူဖြစ်တဲ့အတွက် ကိုယ့်မှာလည်း သူတို့လို ဖြစ်နိုင်ဖို့ အခွင့် အလှမ်းတွေ အများကြီး ရှိပါတယ်။ အခြေအနေအကြောင်းအ မျိုးမျိုးကြောင့်သာ ကိုယ့်အရည်အချင်းတွေ နှစ်မြှုပ်နေရခြင်း ဖြစ်ပါတယ်။ တစ်ဘဝလုံးသာ နှစ်မြှုပ်သွား ရင်တော့ လူဖြစ်ရကျိုး မနှပ်တော့ပါဘူး။ တရားနဲ့ ဖြေသိမ့်ပြီး အလိုနည်းတယ် ဆိုတဲ့ အကြောင်းပြချက်က မခိုင်လုံပါဘူး။ ကိုယ့်လက်ရှိ အရည်အချင်းများကို မြင့်တင် လိုက်ခြင်း ဟာ လောကကို ပိုမိုအကျိုးဖြစ်ထွန်းစေတဲ့အတွက် ဒါကမှ တကယ် တရားနည်းလမ်းကျတဲ့ သဘောတရား ဖြစ်ပါတယ်။

မိမိ အရည်အချင်းကို အမြဲတမ်းမြင့်တင်ခြင်း

ဘွဲ့တစ်ခု ရယုံ၊ သင်တန်းတစ်ခု တက်ထားယုံနဲ့ ကိုယ်ကိုယ့်ကိုယ် ပြီးပြည့်စုံပြီလို့ ထင်ရင်မှားပါတယ်။ ပညာဆိုတဲ့ ပင်လယ်ကျယ်သလောက် ကိုယ် အထူးပြုတဲ့ ပညာရပ်တစ်ခုဟာလည်း သင်ကြားလို့မကုန်နိုင်ဘူး။ ဘွဲ့ရပြီးရင် ယင်းဘွဲ့ကိုအခြေခံပြီး ဆက်လက်လေ့လာရပါမယ်။ PhD, Master အစရှိသဖြင့် ဆက်လက်လေ့လာရ မှာ ဖြစ်ပါတယ်။ နောက်ထပ် ဆက်သွားနိုင်သည့် လမ်းများ ရှာဖွေပါ။ ငွေရှိတဲ့သူများက ပိုအခွင့်အလမ်းရှိပါတယ်။ ငွေမရှိသူများ လည်း စိတ်အားငယ်ရန် မလိုပါ။ ဘွဲ့တစ်ခု ရထားပြီး နောက်ထပ် ပညာဆက်သင်နိုင်ရန် ကြိုးစားရမှာ ကိုယ့်တာဝန် ဖြစ်ပါတယ်။

အလုပ်လုပ်နေရပါတယ်။ မှန်ပါတယ်။ အလုပ်လုပ်နေရင်း ပညာသင်စုအတွက် အမြဲလေ့လာခြင်း၊ ကိုယ်ကိုယ်တိုင် ပိုက်ဆံ စုခြင်း၊ ပညာရပ်အတွက် အမြဲ ဆည်းပူးလေ့ လာခြင်း၊ သိတတ်သူ ဆရာ၊ဆရာမများထံ အကူအညီတောင်းခြင်း၊ အချိန်ပို သင်တန်းလေး များ တက်ထားခြင်း တို့ ပြုလုပ်ရပါမယ်။ အားပျက်သွားခြင်း၊ စိတ်မပါတော့ခြင်း မဖြစ်ရပါ ဘူး။ ကံကြမ္မာကိုလည်း အပြစ်ပုံချနေရင် ဆုံးတော့မှာ မဟုတ်ပါဘူး။ စစ်ပွဲမှာ အားကြီးတဲ့ စစ်သူကြီးက အားနွဲ့တဲ့ စစ်သားကို တိုက်ခိုက်ဖို့အတွက် လက်ဗလာနဲ့ ဝင်သလို သဘောထားရပါမယ်။ ဆိုလိုရင်းကတော့ “ ငါက သူတို့ထက်တော်လို့ ဒီလို အကျောပေးထား ရတာပါ။ ဒီထက်မက ကြိမ်းသေအောင်မြင်အောင် ငါလုပ်နိုင်ပါတယ်” ဆိုတဲ့ ခံယူချက် မျိုး ဖြစ်ပါတယ်။အချိန်ကာလတစ်ခု အထိ ကြာနိုင်ပေမယ့် ပန်းတိုင်တစ်ခုခု ခိုင်ခိုင်ထားပြီး ရင်တော့ တကယ်ကြိုးစားရမှာ ဖြစ်ပါတယ်။ စိတ်ပျက်ပြီး ရပ်တန့်လိုက်ရင်တော့ ကြိမ်းသေ ရှုံးနိမ့်သွားမှာ ဖြစ်ပါတယ်။

စာဖတ်သူတို့ထဲမှာ အသက် ၂၅ မကျော်သေးပဲ လုပ်ငန်းခွင်ဝင်နေကြပြီလား။ ပညာသင်ခြင်း ကို ရပ်တန့်ကြပြီလား။ ပညာဆိုတာ ငယ်တုန်းမှာပဲ ရှာရတာ ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ် နဲ့လုပ်ငန်းခွင် ဝင်သူဟာ တစ်ဖက်က ကြည့်ရင် လေးစားစရာ ကောင်းပေမယ့် သူ့ရဲ့ အမှန် ဘဝရှေ့ရေးက ရင်လေးစရာ ဖြစ်ပါတယ်။ ကိုယ်လုပ်ကိုင်မယ့် အလုပ် တစ်ခုအတွက် သာမန် ဘွဲ့တစ်ခုလောက်နဲ့ဆို အကန့်အသတ်က ရှိနေပါတယ်။ စင်္ကာပူတို့လို နိုင်ငံကြီးမှာတောင် ဝန်ထမ်းတွေ ညသင်တန်းတက်ပြီး မိမိကိုယ်ကို ပြန်လည် မြင့်တင်နေကြ ပါတယ်။ အသက်ကြီးမှ ပြန်သင်ရင် ခက်ခဲပါတယ်။

မဖြစ်မနေ လုပ်ငန်းခွင် ဝင်ရသူများအတွက်ကတော ငွေစုရင်း အားလပ်ချိန် သင်တန်းတက် ရင်း ပညာရေး ပြန်လည် ရှေ့ ဆက်နိုင်အောင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ အသက် ၂၅ ရယ်လို့မဆိုလို။ ကိုယ့်ဆီမှာ ပညာရပ်တစ်ခုအတွက် သာမန်လူတစ်ယောက်ထက် ပိုတဲ့ အသိအမှတ်ပြု ပညာအရည်အချင်း တစ်ခု ရှိနေဖို့ ဖြစ်ပါတယ်။

လမ်းကြောင်းသစ်ရှာဖွေခြင်း

အများသွားနေကျလမ်းအတိုင်း၊ လျှောက်နေကျပုံစံအတိုင်း လိုက်လျှောက်ရင်တော့ ကမ္ဘာကျော် ဖြစ်မလာ နိုင်ပါဘူး။ ကိုယ်အထူးပြုတဲ့ နယ်ပယ်တိုင်းက ထူးခြားတဲ့ ဖန်တီးမှုတွေ လုပ်နိုင်ရပါမယ်။ ဒါဆို ကိုယ့်မှာ ခိုင်မာတဲ့ ပညာတစ်ခုတော့ ရှိထားရမယ်ဆိုတာ ကြိမ်းသေနေပါပြီ။ မိမိအရည်အချင်းကို အမြဲတမ်း မြင့်တင်ထားသူ အနေနဲ့ လမ်းကြောင်း သစ်ကိုရှာဖွေရာမှာ ခက်ခဲမယ့် အလုပ်မဟုတ်တော့ပါဘူး။ ကမ္ဘာမှာ အောင်မြင် ကျော်ကြား သူတိုင်းဟာ ကိုယ်တိုင် ဖန်တီးမှုများ ရှိနေလို့ ဖြစ်ပါတယ်။ ကိုယ့်စီမှာလည်း အဲ့ဒီလို တစ်မူထူးခြားတဲ့ ကြိုးစားဖန်တီးချက်များ ရှိနေဖို့ ဖြစ်ပါတယ်။ ကိုယ်ရှာဖွေထားတဲ့ လမ်းကြောင်းသစ်မှာ ကိုယ့်ရဲ့ ဖန်တီးချက် အသစ်များကို ထုတ်ဖော်ပြသ၊ အသုံးချလိုက်ရင် ကြိမ်းသေအောင်မြင်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် တကယ်လည်း အများအတွက် အကျိုးပြုပြီး အထင်ကြီးစရာ ဖြစ်နေရပါမယ်။

မိမိ အရည်အချင်း အမြဲမြင့်တင်ခြင်း၊ လမ်းကြောင်းသစ်ရှာဖွေခြင်း ကတော့ မြန်မာပြည်သား များအတွက် ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် အနည်းဆုံး သိထားရမယ့် အချက် နှစ်ချက်ဖြစ်ပါတယ်။ ကမ္ဘာကျော်ဆိုလို့ အဆိုးဘက်က ကျော်ကြားခြင်း ကိုမဆိုလို ပါ။ လောကအတွက် အကျိုးဖြစ်ထွန်းစေတဲ့ တီထွင်ဆန်းသစ်မှုများ၊ ကြိုးစားလုပ်ဆောင်မှုများ၊ ဖန်တီးချက်များ ဖြစ်ပါတယ်။

အထက်ပါ အချက်နှစ်ချက်ကို နှလုံးမူပြီး ကြိုးစားရင် ကမ္ဘာကျော် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်မလာ ရင်တောင် ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲ စံပြအထားခံရမယ့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမယ်လို့ ယုံကြည် ပါတယ်။
ref........techspace journal

No comments:

Post a Comment