23 October, 2012

ဘပြောင် ခေါ်မိ... အပြစ်ရှိသတဲ့လားကွယ်....

 
သယ် !!!! ဒီငမိုက်သား.. လွှတ်ထားလို့ လွှတ်ထားမှန်းမသိ.. စာရေးဆရာယောင်ယောင် .. ဘာယောင်ယောင်နဲ့ .. ငတို့ ဘွရှင်မင်းတြားကြီးကိုများ ဘပြောင်..ဘပြောင်နဲ့ .. အသရေမတိုး ဂုဏ်ရှိန်ညှိုးမယ့် ပို့စ်တွေ ဖေ့ဘွတ်ပေါ်မှာ တင်နေပါရောလား.... သွားးးး.. ယောင်ကိုဆွဲ .. ခြေကိုတည်းလို့ .. တောင်စွယ်နေကွယ်ရင် မြောက်စမုဒ်ကထုတ်.. (ရ ဥ)ကိုမီးဖုတ်ပြီးသတ်စေ..အမိန့်တော် ))))))) ...... ********************************************************************************************* အချိန်ကား ....... ------------ အချိန်ကား မြန်မာ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ကုလားဖြူသက္ကရာဇ် ၂၀၁၃ ခုနှစ် ပြည်ထောင်စုဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးတွင် အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ (ဘာဆိုလားပဲ) ဦးသိန်းစိန် ဟူသော မင်းတြားကြီး ထီးနန်းအုပ်ချုပ်ဘုရင်လုပ်နေတော်မူချိန်ဖြစ်လေသည်။ အဆိုပါမင်းတြားကြီးသည် မျိုးရိုးစဉ်ဆက် ဘုရင်ဇာတ်မပါသော်ငြား.
. (ပုဂံရာဇ၀င်မှ တောင်သူကြီးမင်း စွာစော်ကဲ ကဲ့သို့) မရည်ရွယ်ပဲ စော်ကဲမင်းဖြစ်လာသူဖြစ်လေသည်။ သို့ပါသော်လည်း အနှီမင်းတြားကြီးမှာ ပုဂံရာဇ၀င်ထဲမှ တောင်သူကြီးမင်းကဲ့သို့ ဘုရင်ကို သတ်မိ၍ ဘုရင်တတ်လုပ်ရသူတော့ဖြင့် မဟုတ်ပါချေ။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ တိုင်းပြည်တစ်ခွင့် ပြဲပြဲစင်အောင် လက်ဗွေရာယူ (အဲလေ) ထောက်ခံမှုများယူ၍ ပြည်သူ့ဆန္ဒအရ ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင်မြောက်ခံရကာ မလုပ်ချင်လုပ်ချင်နှင့် ကျန်းမာရေး မကောင်းသည့်ကြားမှ ဘုရင်တတ်လုပ်နေရသူသာ ဖြစ်လေသည်။ ((( သူတို့ကတော့ အဲလိုပြောတာပဲ ))) အဆိုပါမင်းတြားကြီးမှာ မင်းကျင့်တရား (ဘယ်နှစ်ပါးမှန်းတော့ သေချာမသိ) ကို စောင့်ထားထိန်းသိမ်းနိုင်သဖြင့် ပြည်သူများအကြား ချစ်ခင်လိုလားမှုများစွာရရှိသူဖြစ်လေသည်တမုံ့။ အဆိုပါမင်းတြားကြီးမှာ မင်းမှုထမ်းဘ၀က များစွာဗိုလ်ပေါင်း တစ်သောင်းခိုးသူများကြားထဲတွင် အဂတိတရား လိုက်စားလေ့မရှိသူအဖြစ် ရှားရှားပါးပါး ပြည်သူချစ်ခြင်းခံရသည့် တစ်ဦးတည်းသော အရာရှိဖြစ်လေသည်တစ်ကြောင်း... ပွင့်လင်းလာသည့် ဒီမိုကရေစီခေတ်တွင် မျက်လုံးပေါင်းတစ်ထောင်..လက်ညိုးပေါင်းတစ်သိန်းကြားတွင် မလူးသာမလွန့်သာ တိုင်းပြည်အုပ်ချုပ် ဘုရင်လုပ်နေရသည် တစ်ကြောင်းတို့ကြောင့် အပြစ်ကင်းသော ချစ်ခြင်းဂရုဏာခံရသည့် မင်းတစ်ပါးအဖြစ် လူသိများခဲ့လေသည်။ သို့ပါသော်လည်း အဆိုပါမင်းတရားကြီးမှာ ၀ါးအစည်းပြေ ကျားကြီးတွေသောင်းကျန်းခဲ့သော ခေတ်လွန်တွင် ဘုရင်ဖြစ်ရသည့်အလျောက် ယိုပေါက်အနည်းငယ်တော့ တိုင်းပြည်အတွင်းတွင် ရှိနေသေးသည်သာဖြစ်လေသည်။ အဆိုပါမင်းလက်ထက်တွင် တိုင်းပြည်တစ်ဝှမ်းရှိ အလေး၊ ချိန်ခွင်၊ တင်းတောင်း၊ ငွေကြေးများကို တစ်ညီတစ်ညွတ်တည်းရှိစေသော်လည်း ပိုင်ဆိုင်ကြွယ်ဝသူများ၊ ဆင်းရဲမွဲတေသူများမှာမူ အများအပြား ခြားနားချင်တိုင်း ခြားနားလျက်ရှိလေသည်။ ၄င်းအပြင် ကပ်ဖားယက်ဖားသူများ၊ အပို့အထောင်များ၊ အချောင်အလျှင်နှိုက်သူများ၊ နိုင်ငံရေးလုပ်စားချင်သူများ၊ ခေတ်သစ် ဘူဇွာများ၊ ခေတ်သစ်မြေသိမ်းချစ်တီးများ တင်းကြမ်းပြည့်အောင် ပေါများလှသည်။ အောက်ခြေအဆင့်ဆင့်ရှိ မူးကြီးမတ်ရာ၊ အရာရှိအရာခံမှ အစပြု၍ ရုံးဝန်ထမ်းနှင့် ဆေးရုံစောင့်ပါမကျန် တိုရကစ်၊ လျှိုရကစ်၊ လက်ပြောင်းလက်လွှဲ၊ လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရေးစေရန် ဗြောင်းဆန်အောင် ဥပဒေထုတ်၍ တားမြစ်နေရဆဲ အခြေအနေဖြစ်လေသည်။ သို့ပါသော်လည်း နှစ်ပေါင်းများစွာ စားသာသလို စားလာခဲ့သည့် သူများဖြစ်သည့် အားလျော်စွာ အဂတိလိုက်စားသည့် အကျင့်များမှာ အရိုးအသားမှာ စွဲနေသည်ဖြစ်သောကြောင့် EPC မှ မီးဖြတ်သလောက် Cut Out ဖြစ်ဖို့ မလွယ်ကူဘဲ နှစ်ပေါင်းများစွာ ကျန့်ကြာနေလေတော့တမုံ့။ ဤသို့ဖြင့် ... မကောင်းတစ်ရာ ကောင်းတစ်ခါဖြင့် တိုင်းရေးပြည်ရာ စီမံအုပ်ချုပ်နေရရှာသော မင်းတြားကြီးအား အဆိုပါတိုင်းသူပြည်သားများက အဖြူသက်သက်ဟု မြင်သည့်သူက မြင်၊ မည်းသည်ဟု ဆိုသည်သူကဆို၊ အညိုရောင်ဟု ငြင်းသည့်သူကငြင်းဖြင့် နာမည်ဂုဏ်သတင်းမှာ အမျိုးမျိုးအပြားပြား ကွဲပြားမှုရှိသည်မှာ မဆန်းလှချေ။ များသောအားဖြင့်တော့ သီရိသုဓမ္မ ဘာဆိုလားပဲ မင်းတြားကြီးအား ပြည်သူအများချစ်ကြလေသည်ဟု မှတ်ယူနိုင်ပေသည်။ ဤသို့ .... ဘွရှင်မင်းတြားကြီးအား ပြည်သူအများမှ အဖြူအမည်း မသဲမကွဲ ငြင်းဆိုကြသော်လည်း .. လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ ရဟန်းရှင်လူပြည်သူအများလက်ခံထားသောအချက်မှာမူ ရွှေဘုန်းတော်ထွဋ်ခေါင် နဖူးပြောင်သည်ဟူ၍ ဖြစ်လေသည်။ ပြည်သူအများ.. ချစ်အားရယ်ပို.. ချစ်စနိုးဆိုသည့် နောက်ကွယ်မှ အရပ်စကားမှာ ရွှေဘုန်းတော့်အခေါင် ဘဘပြောင်ဟူ၍ ဖြစ်လေသည်။ နေရာကား.... --------- နေရာကား... နှစ်ပေါင်းများစွာ ထီးနန်းစိုက်ရာအဖြစ် တည်ရှိတော် မူခဲ့သော ငါးမည်ရ အစုံစုံ မဟာရွှေရန်ကုန်မြို့တော်ကြီးအစား ယတြာဓလေ့ဖြင့် ပြောင်းရွှေ့စံမြန်း အမှုတော်ထမ်းများစုစည်းရာ မင်းမဟာနေပြည်တော်အသစ်တွင် ဖြစ်လေသည်။ ရွှေရောင်တွေ တဖိတ်ဖိတ် သစ်ပင်အရိပ်ပင်မရှိသော်ငြား ရေပန်းဥယာဉ်တွေ အများအပြား စီမံပြုလုပ်ထားပါသော အဆိုပါမင်းနေပြည်တော်မှ ရှင်ထီးဖုရား ကွန်းခိုရာ သမ္မတအိမ်ယာ၏ အတွင်းနန်းဆောင်မှာ ဖြစ်လေသည်။ ပြစ်ဒဏ်သင့် ရာဇ၀တ်သား လင်းရောင်ဆိုသည့် ငမိုက်သားကို အတွင်းရေး၊ အပြင်ရေးမူးမတ်များအလိုရ ပြစ်ဒဏ်ချရန် ဆင့်ခေါ်ထားသော အရေးပေါ်ညီလာခံတစ်ခုပေတကား။ (မှတ်ချက် ။ .. ။ ယခုမှ စ၍ အောက်ဖော်ပြပါ စာသားများအား .. ထီးဟန်.. နန်းဟန် .. ဇာတ်သံနှော၍ အသံထွက်ဖတ်ရန် ဖြစ်ပါသည်။ မူးကြီးမတ်ရာများ မာန်မဲသည့်နေရာတွင် မာမာထောင့်ထောင့် ခပ်နာနာဖိဟောက်သည့် လေယူလေသိမ်းဖြင့် ရွတ်ဆိုရမည်ဖြစ်ပြီး.. ငိုချင်းချသည့်နေရာတွင် သနားစဖွယ် မျက်နှာငယ်ဖြင့် ကြောက်လန့်နေရှာသော မောင်လင်းရောင်အား မြင်ယောင်၍ ညောင်နာနာ လေသံဖြင့် ဖတ်ရှု့ခံစားပါရန်ဖြစ်ပါသည်။) ဥပမာ - မော့စ်နှင့် မိုးဒီတို့၏ .. ကျုပ်သားကို စွန်ချီ.... ငှက်စွန်စတော်ဘယ်ရီရောင် ဘယ်ကြွပါလိမ့်... ဆိုသည့် ပြဇာတ်ထဲမှ လေသံအတိုင်းဖြစ်ပါသည်။ (ဤကားစကားချပ်) ---------------------------------------------------- သယ် !!!! ဒီငမိုက်သား.. လွှတ်ထားလို့ လွှတ်ထားမှန်းမသိ.. စာရေးဆရာယောင်ယောင် .. ဘာယောင်ယောင်နဲ့ .. ငတို့ ဘွရှင်မင်းတြားကြီးကိုများ ဘပြောင်..ဘပြောင်နဲ့ .. အသရေမတိုး ဂုဏ်ရှိန်ညှိုးမယ့် ပို့စ်တွေ ဖေ့ဘွတ်ပေါ်မှာ တင်နေပါရောလား.... သွားးးး.. ယောင်ကိုဆွဲ ... ခြေကိုတည်းလို့ .. တောင်စွယ်နေကွယ်ရင် မြောက်စမုဒ်ကထုတ်.. (လဥ)ကိုမီးဖုတ်ပြီးသတ်စေ..အမိန့်တော် ))))))) ...... ဘွရှင် မင်းတြားကြီးအနား ခစားတော်မူသော သက်တော်တို ဘိုးဘိုးကြီးမှ ဖေ့ဘွတ်တွင် လက်ကမြင်းသော မောင်လင်းရောင်အား အသရေဖျက်မှုဖြင့် အီလက်ထရောနစ်ပုဒ်မများဖြင့် ဆွဲချက်တင်ကာ တောင်စွယ်နေကွယ်လျှင် မြောက်စမုဒ်ကထုတ် လဥကို မီးဖုတ်ပြီးသတ်ရန် အမိန့်ချလိုက်လေသည်။ လူပုံအလယ်တွင် ဒူးကလေးထောက်၊ မျက်နှာကို ကြမ်းပြင်ပေါ် မှောက်ထားရရှာသော မောင်လင်းရောင်လေးမှာ သက်တော်မရှည်ဘိုးဘိုးကြီး၏ အမိန့်တော်ကြားရသောအခါ ဆက်ဆက်ခါအောင် တုန်၍ ကြောက်ရွံ့ခြင်းကြီးစွာဖြင့် အော်ဟစ်ငိုယိုတောင်းပန်လေတော့သည်။ “ အောင်မယ်မင်း.. ကိုယ်ကျိုးတွေ နည်းပါပေါ့... ဖေ့ဘွတ်မှာ အားအားရှိ ကညော့တော်မူတဲ့ အပြစ်တွေတဲ့လား ဘိုးဘိုးရယ်... ဘပြောင်လို့ ခေါ်မိတာ မှန်ပေမယ့် .. ချစ်တယ်လို့ ပြောခဲ့တာတွေလည်း ရှိခဲ့ပါတယ်.. ဘိုးဘိုးရဲ့ .. နိုင်ကျဉ်းတွေ လွှတ်တုန်းက တစ်ခါ... ဧရာဝတီတုန်းက တစ်ကြိမ်.... ဘုန်းတော်ဖွဲ့ စာတွေလည်း အကြိမ်ကြိမ် အလီလီရေးပေးဖူးရဲ့ .. ဘိုးဘိုးရယ်... ““ (ငိုခြင်းချသံဖြင့် ဆွဲဆိုပါရန်) ”” အမယ်မင်းရယ်တဲ့မှ ပြောရတော့မယ်...... ရွှေစိတ်တော် ညို... ရွှေစိတ်တော်ရဲ့ ညိုညို... သူ့ကိုလေ ပြောင်တယ်ဆိုမိတာကြောင့် .... အတုအယောင် မင်းခစားငကြောင်တွေများရယ်က ဥ ဖုတ်ဖို့ ဆွဲဆောင်......““ လုပ်ပါနဲ့လား.. ဘိုးဘိုးတို့ရယ်.. ကျွန်တော်မျိုးက ချစ်စနိုးနဲ့ ခေါ်တာပါ ဘိုးဘိုးရဲ့.... မောင်လင်းရောင်၏ အော်ဟစ်ငိုယိုတောင်းပန်သံကို ကြားရသောအခါ.. ညီလာခံတစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။ ပုလင်ပေါ်တွင် အခန့်သား စံစားတော်မူနေသော မင်းတြားကြီးမှာလည်း စိတ်နှလုံး နူးညံ့သူဖြစ်သည့် အားလျော်စွာ မျက်နှာတော် မသာမယာနှင့် ဂရုဏာသက်တော်မူလေသည်။ အခြားမူးကြီး မတ်ရာများမှာမူ .. သေသင့်တဲ့ကောင်ဟု ဆိုသူကဆို .. လက်ကမြင်းလို့ သေတဲ့မသာထဲမှာ ဒီကောင်ပထမဆုံးဖြစ်မှာပဲဟု သုံးသပ်သူက သုံးသပ်... သနားစရာကောင်းပါတယ်.. အပြစ်မရှိရှာပါဘူးဟု သနားဂရုဏာထားသူကထား.... တီးတိုးစကားဆိုသံများ ဆူညံသွားလေသည်။ ထိုစဉ်.. ဘွရှင် မင်းတရားကြီးက ပုလင်ပေါ်မှ လက်ဝါးတော်ပြ၍ ခေတ္တမျှ တားဆီးတော်မူသည်။ ထိုအခါ .. မင်းတြားကြီးအနားတွင် ခစားကပ်ယက်နေကြသော မူးကြီးမတ်ရာများမှာ လှုပ်လှုပ်ရွရွဖြစ်ကာ ““ ဒီနေ့ ၅ တစ်လုံးအပိုင်ပဲ““ ဟု မှတ်စုစာအုပ်များတွင် ရေးမှတ်ကြလေသည်။ အချို့သော မူးကြီးမတ်ရာများမှာ မင်းတြားကြီး အဆောင်တော်မှ အသာထွက် မိုဘိုင်းဖုန်းလေးဖြင့် ၄င်းတို့၏ ဇနီးများကို လှမ်းဆက်ကာ ဒီနေ့ ၅ တစ်လုံးပတ်ဟု အချိန်းအချက်ပြုကြလေသည်။ မှတ်သားဖွယ်တကား။ ““ဟယ်... နင်တို့ကလည်း နေကြပါဦးဟဲ့.. ဒါ နှစ်လုံးဂဏန်းပေးတာ မဟုတ်ဘူး... အသံတွေ တိတ်ဖို့ပြောတာ.. ကဲ... ပြောစမ်းပါဦး ဒီသူငယ်က ဘာအတွက်ကြောင့် ပြစ်ဒဏ်ခက်ခံရတာလဲ..” ထိုအခါ .. မင်းတရားကြီး ညာဘက် လွှတ်တော်တက်ခွင့်ရှိသော ဘင်္ဂလီ ပုဏား အမတ်က ... “မှန်နီးကီးကြောင်းပါ့ ဖရားးး... ဒီ ပိန်နီးကီး ပိန်ညောင် .. မျက်ခွက်ပြောင်နီးကီးပြောင်တဲ့ ..ငလင်းရောင်ဆိုတဲ့ ရာဇ၀တ်တော်သားဟာ.. မစ္စတာဇူကာဘက်ရဲ့ .. မျက်ခွက်စာမျက်နှာမှာ ရှင်းထီးဘုရားမကောင်းကြောင်းတွေ ရေးနီးကီးနေလို့ပါ့ ...ဖရားးးး ““ ဘင်္ဂလီပုဏားအမတ်သည် ဖေ့ဘွတ်တွင် သူတို့ အမျိုးမကောင်းကြောင်းရေးသည့် လင်းရောင်အား အခွင့်သာတုန်း အစွမ်းကုန်ချောက်တွန်းသည့်စကားဖြင့် မောင်လင်းရောင်အား မဟားဒယား အရောက်ပို့လေသည်။ မင်းတြားကြီးက ခေါင်းတဆက်ဆက် ယမ်း၍ .... ““ သူက ဘယ်လိုများ ငါ့မကောင်းကြောင်း ရေးသတုန်း..ကွဲ့ ““ ““ မှန်နီးကီးကြောင်းပါ့ ဖရား... ဒီငကြွားက လပ်လျားလျားနဲ့ ဘုန်းတော်ထွဋ်ဆောင် . ရွှေထီးခေါင်ကို . ဘပြောင် ဘပြောင်နဲ့ ခေါ်နီးကီးကြောင်းပါ့ ဖရား..”” ”” ဟေ...”” ပုဏားစကားကြားသော မင်းတြားကြီးမှာ ယောင်ယမ်း၍ သူနဖူးအား သူပြန်စမ်းကြည့်တော်မူရင်း... ““အင်း ... ပြောမယ်ဆိုလည်း .. ပြောစရာပဲပါလေ.. ငါကိုယ်တော်မြတ် ရွှေမွှေးက မယ်တော်မွေးတုန်းကတော့ အင်မတန်သန်ပါဘိနဲ့... မိဖုရားခေါင်ကြီးနဲ့ ရမှ ခဏခဏ အဆွဲခံရလို့ ကျွတ်တော်မူရသကိုးးး.. ဒါပေမယ့် ကမ္ဘာခေါင်းဆောင် အသီးသီးမှာ မယားမကြောက်တဲ့သူများ ရှိလို့လားကွယ်တို့... ခေါင်းဆောင်တွေ အကုန်လုံးနီးပါး ရွှေမွှေးတော်ပါးပြီး ခပ်ပါးပါးသာ ကျန်ရဲ့ မဟုတ်လား... ပြည်သူတွေ ဒီလိုခေါ်တာလည်း အပြစ်လို့ ဆိုစရာတော့ မရှိဘူးထင်ပါရဲ့ကွယ်..”” မင်းတြားကြီးထံမှ ထိုသို့ အမှန်တရားကို လက်ခံတော်မူသည့် စကားထွက်လာသောအခါ.. ထောင့်နားမှာ ကပ်နေသည့် ဖေ့ဘွတ်ပြန်ကြားရေးဝန်ကြီးဦးမှူးဇော်က မောင်လင်းရောင်အတွက် သက်ညှာစကားဝင်ပြောပေးလေသည်။ ““ မှန်လှပါ.. ရွှေနန်းသခင် ထီးဘုရင်ကြီး ဖုရား... ဒီသူငယ်လင်းရောင်ဟာ ဖေ့ဘွတ်မှာ ပြောင်တောင်တောင် နောက်တောက်တောက်လုပ်တတ်တာက လွဲရင် ချစ်စရာကောင်းတဲ့ သူငယ်လေးပါ ဖုရား... ရွှေထီးဘုရား အမေရိကန်သွားပြီး ပြန်လာတုန်းက မဟားဒယားထောက်ခံကြိုဆိုသူထဲမှာ သူလည်း အပါဖြစ်ပါတယ် ဘုရား.. ကြံဖွတ်မကောင်းတာ ဝေဖန်ပေမယ့် ရွှေနန်းရှင်ကိုတော့ ချစ်ကြည်ညိုတဲ့ ပို့စ်တွေ ရေးသားတာ ဘုရားကျွန်တော်မျိုး မြင်ဖူးပါတယ်ဘုရား... အမိုက်အမဲလေးအဖြစ်.. ခွင့်လွှတ်ပေးတော် မူပါဘုရား....““ ““ဘာာာာ... မဖြစ်ဘူး.. မဖြစ်ဘူး.....““ အရာရှိမင်း ဦးမှူးဇော်၏ ပြေရာပြေကြောင်း စကားကို ကြားသောအခါ.. ကန်ကွက်သံများ အလန့်တကြား ထွက်လာလေသည်။ အစိမ်းရောင်ခေါင်းပေါင်းနှင့် လွှတ်တော်တက်ခွင့်ရသော တစ်မတ်သား အမတ်တို့ဆီမှ ထွက်လာခြင်းဖြစ်လေသည်။ ““မဖြစ်ဘူး..မဖြစ်ဘူး.. ဒီလိုကောင်တွေဟာ အဆိတ်အတောက်ပဲ.. အရင်တစ်ခါ ကျုပ်တို့ လွှတ်တော်မှာ ငိုက်နေတာကိုလည်း ဓာတ်ပုံလုပ်ပြီးတင်ဖူးတယ်... ကြံဖွတ်ကို ဝေဖန်တဲ့ ပို့စ်တွေလည်း ဗြောင်းဆန်အောင် ရေးဖူးတဲ့ကောင်.. ဧရာဝတီကိစ္စတုန်းကလည်း ကျုပ်တို့ဝန်ကြီးဦးဇော်မင်းကို စော်ကားထားတာတွေရှိတယ်.. လယ်သမားအရေးတုန်းကလည်း လယ်သမားတွေဘက်က ပါတဲ့ကောင်... စောင်းသလို ..မြောင်းသလို ..ရိသလို ..ရွဲ့သလိုနဲ့ ကျုပ်တို့ တစ်မတ်သား အမတ်တွေကို ပုတ်ခက်တာလည်း အခါခါ.. ဒီကောင့်ကို လွှတ်ပေးလို့ မရပါဘူး ဖုရား... မီးကိစ္စတုန်းကလည်း မီးကိစ္စ.. ဖုန်းကိစ္စတုန်းကလည်း ဖုန်းကိစ္စ .. ခဏခဏ ဂြိုလ်ထပြီး ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေကိုလည်း မြောက်ထိုးပင့်ကော်လုပ်ပေးတာလဲ ဒီကောင်ပါပဲ ဖုရား... လွှတ်ထားလို့ မရတဲ့ကောင်ပါ... သက်တော်မရှည် အမတ်ကြီး ပြောသလို .. တောင်စွယ်နေမြုပ်ရင် ဥထုတ် မီးဖုတ်ပြီးသာ သတ်ပါဖုရား....““ ““ အိမ်းးးး.. သံဃာများ ဘုရား မလွန်ဆန်သာ...တဲ့ .. ငါကိုယ်တော်မြတ်က ဂရုဏာသက်ပေမယ့် ..နင့်ဘက်က လိုက်ပြောမယ့်လူက မှူးဇော်တစ်ယောက်ပဲ ရှိတာကလား ငမိုက်သားရဲ့... ဘာပဲဖြစ်ဖြစ်လေ.. ဒီမိုကရေစီစနစ်အရ.. အများဆန္ဒအတိုင်း ဖြစ်စေရမှာပေါ့... ကဲ.. ၀န်ကြီးများ... သတ်စေလို့ ဆန္ဒရှိသူများက လက်ဝါးထောင်ပြ.... မသတ်စေလိုဘူးဆိုက လက်တွေကို အောက်ချ .. အခုချက်ချင်း ဆန္ဒပြုကြ အမတ်မင်းများ....““ ထင်သည့်အတိုင်း.. ဦးမှူးဇော်တစ်ယောက်မှ လွဲ၍ ကျန်သည့်အမတ်များ တက်ညီလက်ညီ ထောင်ကြလေသည်။ မျက်နှာမြင် သောက်ညင်ကပ်ပါစေဆိုသည့် ဆုကို မတောင်းဘဲ ပြည့်နေရသည့် မောင်လင်းရောင်ခင်ဗျာ... ဖေ့ဘွတ်မှာ ပေါက်တီးပေါက်ကရ လျှောက်ရေးတာက တစ်ပြစ်။ အလိုလိုနေရင်း လူမုန်းခံရသည်က တစ်ပြစ်နှင့် အပြစ်ပေါင်းစုံ စုကာ တစ်မတ်သားများနှင့် ဘင်္ဂလီအမတ်တို့အလိုကျ သေဒဏ်အချခံရလေတော့သည်။ သယ် !!!! ဒီငမိုက်သား.. လွှတ်ထားလို့ လွှတ်ထားမှန်းမသိ.. စာရေးဆရာယောင်ယောင် .. ဘာယောင်ယောင်နဲ့ .. ငတို့ ဘွရှင်မင်းတြားကြီးကိုများ ဘပြောင်..ဘပြောင်နဲ့ .. အသရေမတိုး ဂုဏ်ရှိန်ညှိုးမယ့် ပို့စ်တွေ ဖေ့ဘွတ်ပေါ်မှာ တင်နေပါရောလား.... သွားးးး.. ယောင်ကိုဆွဲ ... ခြေကိုတည်းလို့ .. တောင်စွယ်နေကွယ်ရင် မြောက်စမုဒ်ကထုတ်.. (လဥ)ကိုမီးဖုတ်ပြီးသတ်စေ..အမိန့်တော် ))))))) ...... ***************************************************************************** တရားခံလင်းရောင်မှာ အယူခံတင်စရာမရှိ.. ။ ကယ်မည့်သူမပေါ်.။ လွှတ်တော်၏ အဆုံးအဖြတ်အရ တောင်စွယ်နေမကယ်ခင် အသတ်ခံရဖို့ သူသတ်ကုန်းသို့ ဆွဲခေါ်လာခြင်းခံရလေသည်။ အာပြဲသလောက် ..ကြောက်တတ်သည့် မောင်လင်းရောင်မှာ သူသတ်ကုန်းသွားရာ လမ်းတစ်လျှောက်.. ရင်ဘတ်စည်တီး ငိုကြီးချက်မ အော်ဟစ်ရင်း သနားစဖွယ်ပါသွားလေသည်။ ““ အောင်မယ်မင်းရယ်...တဲ့မှ ပြောရမယ်... ဖေ့ဘွတ်ပေါ်မှာဆိုကွယ်.. ဖေ့ဘွတ်ပေါ်မှာ ဆိုကွယ်... ချစ်တယ်ခင်တယ် အပြောခံရလေတော့.. စိတ်ကြီးရယ်တဲ့ ၀င်မိတယ်... အခုတော့လေကွယ်.. အရေးဝယ်.. အသက်ကယ်မယ့်သူ မရှိရှာဘု.. အောင်မယ်မင်း.. ဥ ပြတ်ဖို့ ကြုံရတယ်... ကြောက်ပါပြီ... နောက်တစ်ခါ ရေးတော့ပါဘူး... သေဘေးကြုံတော့ တစ်ယောက်ထဲရယ်.... အောင်မယ်မင်း.... သေဘေး ကြုံတော့ တစ်ယောက်ထဲရယ်......”” ““အောင်မယ်လေး.. ကိုကို အာဏာပါးကွပ်သားတို့ရယ်.. ““ ““ဘာလဲကွ....““ ““ ကျွန်တော့်ကို မသနားတော့ဘူးလားဟင်...““ ““အေး ..သနားစရာတော့ ကောင်းသားကွ...““ ““ ဒါဆို နောက်ဆုံး တစ်ခုလောက် ကူညီပါ့လား နောင်ကြီးတို့ရယ်...““ ““ ပြောလေ... လုပ်နိုင်ရင် လုပ်ပေးရတာပ.. ငါတို့က ရုပ်ကြမ်းပေမယ့် စိတ်နုပါတယ်ကွဲ့... နောက်ဆုံးဆန္ဒဆိုတော့လည်း ဖြည့်ဆီးနိုင်ရင် ဖြည့်ဆီးပေးရမှာပေါ့....““ ““ကျေးဇူးတင်ပါတယ်..နောင်ကြီးတို့ရယ်... ဒါဆိုရင်လေ... ကျွန်တော့်ကို အင်တာနက် ဖုန်းလိုင်းချိတ်ထားတဲ့ လက်ပ်တော့လေးများ ခဏပေးကိုင်လို့ ရမလားဟင်... ကျွန်တော် နောက်ဆုံး စတေးတပ်လေး တင်ခဲ့ချင်လို့ပါ... ““ ““ အာကွာ... မင်းမလဲ.. ဒါနဲ့ မသာဖြစ်ဖို့ နီးနေတာတောင် ဒါကို မဖြတ်နိုင်သေးဘူး.... အဲဒါတော့ မရဘူးကွာ.. ငါတို့ ပါးကွက်သားဆိုတာက ငါတို့ သတ်တဲ့လူတွေရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားမှာစိုးလို့ သုသာန်ကို ကင်မရာပါတဲ့ ဖုန်းတွေ အင်တာနက်ချိတ်ထားတဲ့ လက်ပ်တော့တွေ ယူလို့မရဘူးကွ...““ ““ကူညီပါ့လား.. နောင်ကြီးတို့ရယ်.. စတေးတပ်လေး တစ်ကြောင်းပဲ ရေးမှာပါ.. တကယ်ပါ.. ခဏလေးပါ..” ““ အာ.. မဖြစ်ပါဘူးကွာ.. တော်ကြာငါတို့ပါ.. မင်းပြစ်မင်းဒဏ်သင့်ကုန်ပါ့မယ်... ဒီလိုလုပ်ကွာ... မင်းအကောင့်နဲ့ ပက်စ်ဝက်ပြောလိုက်.. မင်းကိုသတ်ပြီး အိမ်ပြန်ရောက်ရင် ငါမင်းအစားတင်ပေးမယ်... ဒါ ငါနောက်ဆုံးလုပ်ပေးနိုင်တာပဲ...”“ ““ အမယ်လေး ကျေးဇူးတင်ပါတယ်.. နောင်ကြီးရယ်.. ဒါဆိုရင်လေ.. ကျွန်တော့် အကောင့်က Linn Yaung ပါ.. ဒီပတ်စ်ဝက်ကို ရိုက်ထည့်ပြီးရင်လေ... စတေးတပ်လေး တစ်ကြောင်းထဲ တင်ပေးပါနော်...ဒီတစ်ကြောင်းထဲပါ...““ ““အေးလကွာ..တင်ပေးပါ့မယ်ဆိုမှ ပြော.. ဘာတင်ပေးရမှာလဲ..““ ““ ၀ိုင်းဖတ်ကြတုန်းက နင်တို့ ... ပို့စ်တင်သူက ဒီ ငမိုက်သားလင်းရောင်... လာဖမ်းပြီး အသေသတ်တာက အစိုးရ ကြံဖော်ကြံဖတ် အကုန်လုံးမှာမှ .. င့ါကျတော့ ဥ ဖြတ်ခံရတယ်... စိတ်နာတယ် .. အကြီးကြီး ... ““ လို့ ရေးပေးပါ နောင်ကြီးရယ်..““ ထို့သို့ မှာစရာရှိသော နောက်ဆုံး ဆန္ဒများကို မှာကြားပြီးသကာလ ကံဆိုးသူ မောင်လင်းရောင်၏ ကျက်သရေမရှိသော . ၀မ်းနည်းပမ်းနည်း ငိုချင်းချသံကြီးထွက်ပေါ်လာလေတော့သည်။ ““အောင်မယ်မင်းရယ်တဲ့မှ ပြောရတော့မယ်... ““ --------------------------------------------------------- (ဤတွင် ပြီး၏။ သို့သော်.. ကိုယ့်ကိုယ်ကိုယ် မင်းသားနေရာ ထားရေးပြီး အသတ်ခံရသည့် ဇာတ်ဖြစ်သွားလျှင် လင်းရောင် ရာဇ၀င်ရိုင်းပေတော့မည်။ ထို့ကြောင့် .. နောက်ဆက်တွဲ ဇာတ်လမ်းအား ပေါက်တီးပေါက်ကရ ရှာကြံရေးသားပြီး အသက်ပြန်ရှင်အောင် လုပ်ရပေတော့သည်။.. သီးခံ၍ ဖတ်ရှုပါလေ) --------------------------------------------------------- နောက်ဆက်တွဲ.... ------------ လူ့ကံ ဆိုသည်မှာကား ပြောရခတ်လေသည်။ မည်သည့်အရာကိုမှ ကံသေကံမ ပြောလို့မရ။ မျှော်လင့်မထားသည်များ ဖြစ်လာသည်မှာ တရုတ်ကားထဲမှ ဇာတ်ဝင်ခမ်းများအတိုင်း သြချစရာဖြစ်ရလေသည်။ လုံးလုံးလျားလျား အသက်ခံရမည်ဟု .. စိတ်ဒုံးဒုံးချထားသော မောင်လင်းရောင်လေးမှာ အတိတ်ဘ၀က ကုသိုလ်ကံအကျိုးပေး မကုန်သေးသည်ဖြစ်သောကြောင့် ကယ်တင်မည့်သူပေါ်လာ၏။ (ငါးရာ့ငါးဆယ် နိပါတ်တော်မှ ဇာတ်လမ်းတစ်ခုနှင့်ပင် တူနေသေးတော့သည်) ဟိဟိ တစ်လမ်းလုံး ငိုယိုအော်ဟစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်လာသော မောင်လင်းရောင်လေး၏ အသံကို ကြားသောအခါ သူသတ်ကုန်းသွားရာ လမ်းမအနီးတွင် ဘုံခုနှစ်ဆင့်ဖြင့် စံစားတော်မူနေသော သူကြွယ်ကြီးသမီးသည် ပြင်းစွာသော တပ်မက်ခြင်းဖြစ်လေသည်။ ဒီ အသံရှင်ကိုမှ မရလျှင် .. ထမင်းမစား၊ ရေမသောက်၊ အီ အီးမပါ.. ရှူ ရှူး မပေါက်ဟု ဖခင် သူကြွယ်ကြီးအား ဆန္ဒပြလေတော့သည်။ သမီးကို အသည်းတုန် အူတုန်ချစ်လေသော သူကြွယ်ကြီးမှာ သမီးတော်အလိုလိုက် သမီးတော်အကြိုက်ဆောင်ကာ မောင်လင်းရောင်လေးအား အာဏာပါးကွက်သားတွေကိုလာဘ်ထိုး ကယ်ဆယ်ကာ သူ့သမီးနှင့် ပေးစားလိုက်လေသည်။ စိုင်ကော်လို့ ခြုံပေါ် ရောက်တကား... (အဲလေ...) မယားခေါ်လို့ ကုတင်ပေါ် ရောက်တကား... ။ မင်းသမီးနှင့် ညားသောအခါ မောင်လင်းရောင်လေးမှာ အသက်ဘေးကယ်ဆယ်သူဟု မယားအပေါ်တွင် ကျေးဇူးအထူးတင်ရှိလေသည်။ ထို့ကြောင့် မင်းသမီး၏ အလိုကျ ဖေ့ဘွတ်မသုံးတော့ပါဘူးဟု ကတိပေးရ၏။ သို့သော် ကလေးတစ်ယောက်ရသောအခါတွင်ကား .. မနေနိုင်။ စတေးတပ်လေးတွေ တင်ချင်လာ၏။ သရော်စာလေးတွေ ရေးချင်လာ၏။ တစ်ချိန်တစ်ခါက ဓာတ်ပုံလေးတွေတင်.. သူများပုံလေးတွေ ငမ်း။ Like ပေးခြင်း Comment ပေးခြင်း စသော ဖေ့ဘွတ်ဖီလင်လေးများအား ပြန်လည်ခံစားချင်လာ၏။ ဘုံခုနှစ်ဆင့် တိုက်ကြီးနှင့် ကားအကောင်းစားကြီးစီးကာ အစားကောင်း အသောက်ကောင်းများ စားနေရပါသော်လည်း မတင်းတိမ်နိုင်။ ဘ၀မှာ တစ်ခုဟာနေသလို ငိုချင်သလို ရီချင်သလိုဖြစ်လာ၏။ ထိုအခါ မမှိုင်မှိုင် တထွေထွေနှင့် မစားနိုင် မသောက်နိုင်ဖြစ်လာ၏။ ပိန်လှီခြောက်ကပ်လာ၏။ ““ သူကြွယ်သမီး ဇနီးမယားလုပ်သူက စိုးရိမ်တကြီး မေးလေသည်။ ရွှေစိတ်တော်ညို.. ဘာကို အလိုမကျဖြစ်နေပါသလဲ မောင်တော်.. နှမတော်ကို ပြောပါဦး.. ရွှေမျက်နှာတော် အလိုမကျ သက်ပြင်းတွေ အခါခါချနေတာ .. ဟောဒီက မောင်ကြီးနှမ..ဘယ်လိုမှ ကြည့်မရလို့ပါမောင်တော်..““ ““ ဒီလို ရှိတယ်.. နှမတော်.. မောင်တော်တို့မျိုးရိုးက တစ်နှစ်တစ်ခါ ဗလိနတ်စာကျွေးရတယ်.. အခု မကျွေးဖြစ်တာ နှစ်နှစ် သုံးနှစ်ရှိတော့ .. ရိုးရာပျက်လို့ စိတ်မချမ်းသာဖြစ်ရတာပါ..နှမတော်..““ ““ အို...ဒါလေးများ မောင်တော်ရယ်.. နှမတော်ကို ပြောမှပေါ့... ကဲ.. ပြော.. အခုဘယ်မှာ ဗလိနတ်စာကျွေးချင်သလဲ.. ““ ““အင်း.. ဧ၀ရက်တောင်ထိပ်ကို ဟက်စကီးနဲ့ တက်ပြီး ဗလိနတ်စာ ကျွေးချင်တာပေါ့ .. ကူညီနိုင်ရင် ကူညီပါ နှမတော်...““ ““ အို.. ချစ်လင်အကြိုက်.. အကုန်လိုက်လျောရမှာပေါ့.. မောင်တော်ရယ်... ဒါများ ဘာခက်တာမှတ်လို့....““ ဤသို့ဖြင့် ဇာတ်တော်လာထဲက အတိုင်း.. စရိုက်မဖျောက်နိုင်သော မောင်မောင်လင်းရောင်းမှာ သူကြွယ်သမီး ချစ်ဇနီးကို မူယာမာယာပိုပြီး ဧ၀ရက်တောင်ထိပ်ကို ဗလိနတ်စာကျွေးဟု အကြောင်းပြကာ ဖျားယောင်းသွေးဆောင်ကာ ခေါ်သွားလေသည်။ တောင်ထိပ်သို့ ရောက်သောအခါ.. ဇာတ်တော်လာအတိုင်း .. မိန်းမကို တွန်းချ၍ ဖေ့ဘွတ်လောကသို့ ပြန်ဝင်လာလေတော့သည်။ အစွဲအလမ်းကြီးပေစွ တကား.. ။ --------------------------------------------
-ေ၇းသားသူ---------- လင်းရောင်

No comments:

Post a Comment