14 January, 2012

မြန်မာ ဖုန်းသတင်း

၅၀၀၀ တန် ဆင်းမ်ကဒ် ရောင်းချမည်ဆိုခြင်းမှာ ဥပဒေ အရရော၊ နည်းပညာအရပါ မဖြစ်နိုင်ဟု မြန်မာ့ဆက်သွယ်ရေးမှပြောကြား


အခုလ ပထမအပတ်က ပြည်သူလူထုကြား ပြန့်နှံ့သွားတဲ့ မိုဘိုင်းဖုန်း ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချဖို့ ကုမ္ပဏီတစ်ခုက စီစဉ် ဆောင်ရွက်နေခြင်းမှာ ဥပဒေ အရရော နည်းပညာ အရပါ လောလောဆယ် မဖြစ်နိုင်ဘူးလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ဇန်နဝါရီ ၉ ရက်က ပြောကြားပါတယ်။ တနင်္လာနေ့ မွန်းလွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအပြီး တွေ့ဆုံမေးမြန်းရာမှာ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အဲဒီလို ဖြေကြားခဲ့တာပါ။
“ကျွန်တော်တို့ နားလည်တာတော့
ဥပဒေအရဆိုရင် ကျွန်တော်တို့ ဆက်သွယ်ရေးနဲ့ပဲ ပေါင်းလုပ်ရမှာပါ။ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေရှိတယ်။ ဥပမာ- သစ်တောထွက် ပစ္စည်းတို့၊ တွင်းထွက်ပစ္စည်းတို့၊ ပို့ဆောင်ရေးလုပ်ငန်းတို့၊ ဆက်သွယ်ရေးလုပ်ငန်းတို့ လျှပ်စစ်တို့ စတာတွေက နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေဆိုပြီး အခြေခံဥပဒေမှာကို ပြဋ္ဌာန်းထားတာ။ အဲဒီလုပ်ငန်းတွေကိုပဲ နိုင်ငံတော်နဲ့ အများပြည်သူ အကျိုးစီးပွား အလို့ငှာဆိုတဲ့ တစ်ပိုဒ်ရှိတယ်။ Private (ပုဂ္ဂလိက) ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်မယ်ဆိုရင်လည်း ခွင့်ပြုတယ်။ ဒါပေမယ့် ပေါင်းလုပ်ရမယ်။ အခု ကျွန်တော်တို့ GSM သန်း ၃၀ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်” လို့ အခြေခံဥပဒေကို ကိုးကားပြီး ပြောပါတယ်။
သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်အတွင်း သတင်းစာဆရာများက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ၎င်းတို့နဲ့ ဆက်သွယ်ခြင်းမရှိဘဲ ဖြစ်ပေါ်လာတဲ့ ကိစ္စဖြစ်လို့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း၊ နည်းပညာအရ မိုဘိုင်းကွန်ယက် တစ်ခုဖြစ်ဖို့ တည်ဆောက်ရာမှာ နေ့ချင်းညချင်း မဖြစ်နိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး ဖုန်းမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေနဲ့ ဘယ်လိုကွန်ယက် ချိတ်ဆက် ခေါ်ဆိုမယ် ဆိုတာကို နားမလည်နိုင်ကြောင်း၊ အလားတူ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းကွန်ယက်ထဲ မဖြတ်ဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မှာ မဟုတ်ကြောင်း စသဖြင့် နည်းပညာအရ မဖြစ်နိုင်သေးတဲ့ အခြေအနေတွေကို မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းနဲ့ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က ရှင်းပြပေးပါတယ်။
ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချပေးပြီး မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃၀ ကျပ်နဲ့ GSM ဖုန်းတွေ ရောင်းချပေးနိုင်ဖို့ ရွှေပြည်တံခွန် ကုမ္ပဏီက ကြိုးစားနေတဲ့အကြောင်း အခုလ ဇန်နဝါရီ ၃ ရက်က သတင်း ထုတ်ပြန်ခဲ့တာပါ။ အဆိုပါ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးကို လုပ်ငန်းလုပ်ကိုင်ခွင့် တင်ထားဆဲ အခြေအနေသာဖြစ်လို့ လက်ရှိ အခြေအနေမှာ လုပ်ကိုင်ခွင့် မရသေးဘူးလို့လည်း ဆိုတယ်။ အခုလို တကယ် လုပ်ကိုင်ခွင့်မရသေးဘဲ သတင်း ထုတ်ပြန်မှုမျိုးတွေ ဆက်လုပ်ကြမယ်ဆိုရင် ပြည်သူလူထုအတွက် အခက်တွေ့နိုင်ကြောင်း အွန်လိုင်း Developer တစ်ဦးက သူ့အမြင်ကို ပြောပါတယ်

၅၀၀၀ တန်ဖုန်း ရောင်းချပေးမည့် ရွှေပြည်တံခွန် ကုမ္ပဏီ၏ MD ဦးလွင်နိုင်ဦး နှင့် တွေ့ဆုံခြင်း

ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ၀ယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သတ်ပြီး The Messenger ဂျာနယ်က ဦးလွင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။

Q:၃-၁-၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၅၀၀၀ တန် ဂျီအက်စ်အမ် ဖုန်းတွေကို ဒီနှစ်ထဲမှာ စတင်ချပေးမယ်လို့ အသိပေးပြောခဲ့တဲ့အပေါ်မှာပြည်သူတွေဘက်က မယုံမရဲ ဖြစ်နေကြတာတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ရွှေပြည်တံခွန်အနေနဲ့ ဘယ်လိုဖြေရှင်းပေးနိုင်ပါမလဲ။

A:ကျွန်တော်တို့ နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ် တင်ထားပါတယ်။ ခွင့်ပြုချက်ရပြီဆိုတာနဲ့ မတ်ခ်ျလမှာ စတင်မိတ်ဆက်ပြီး ဇွန်လလောက်မှာ ရောင်းချပေးသွားနိုင်မှာပါ။ ဒီပရိုပိုဆယ်ကို တင်ထားကတည်းက ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ အဲဒါကြောင့်မလို့ ပြည်သူကို အသိပေးလိုက်တာပါ။


Q:ပရိုပိုဆယ်လ်ကို ဘယ်အချိန်က တင်ခဲ့တာပါလဲ၊ရွှေပြည်တံခွန်လိုပဲ ဒီဖုန်းကိစ္စကို ပရိုပိုဆယ်လ်တင်ထားတဲ့တခြား ပုဂ္ဂလိက လုပ်ငန်းရှင်ရော ရှိပါသေးသလား

A:ပရိုပိုဆယ်လ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ စတင်ခဲ့တာပါ၊ တခြား လုပ်ငန်းရှင်တွေ တင်မတင်တော့ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ တင်တယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့က ငါးထောင်ရောင်းနိုင်ရင် သုံးထောင်၊ နှစ်ထောင်နဲ့ ရောင်းနိုင်မဲ့သူမျိုးရှိရင် ကြိုဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး လုပ်ချင်တဲ့ လုပ်ငန်းရှင်များ ရှိရင်လည်း ကျွန်တော်တို့နဲ့ လာဆွေးနွေးနိုင်ပါတယ်။

Q:ဂျီအက်စ်အမ်ဖုန်းတွေကို မြန်မာငွေ ငါးထောင်လောက်နဲ့ခြောက်လအတွင်း စရောင်းပေးမယ်ဆိုတော့ လိုအပ်တဲ့အခြေခံလိုအပ်ချက်တွေ အဆောက်အဦးတွေကိုရောဘယ်လိုစီစဉ်ထားပါသလဲ။


A:အခြေခံအဆောက်အဦးတစ်ခု၊ Infrastructure တစ်ခု တည်ဆောက်ရတာ ဘယ်လိုအခြေအနေမျိုးမဆို လေးငါးနှစ် ဆောက်ရမလား၊ နှစ် ၂၀ စီမံကိန်းနဲ့ သွားရမလားလို့ စဉ်းစားကြမြဲပါ။ တကယ်က အဲလောက် မလိုပါဘူး။ လိုအပ်တဲ့ တာဝါတွေကို ခွင့်ပြုချက်ရတာနဲ့ သုံးလနဲ့ ခြောက်လအတွင်းမှာ ပြီးအောင် ဆောက်လို့ရပါတယ်။ ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။


Q:အခု ငါးသိန်းဖုန်းတွေမှာတောင် လိုင်းကျပ်တဲ့ပြဿနာတွေရှိနေတော့ တကယ်လို့ ဖုန်းတွေများလာရင်အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။


A:လိုင်းကျပ်တယ်ဆိုတဲ့ ပြဿနာက အင်မတန်သေးငယ်တဲ့ ပြဿနာပါ။ အဲဒါက အသုံးပြုတဲ့ Band Width အပေါ်မူတည်ပါတယ်။ နည်းပညာပဲလိုအပ်ပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းပညာတွေ ကျွန်တော်တို့မှာ အများကြီးရှိပါတယ်။


Q:ဖြေရှင်းနိုင်တဲနည်းပညာတွေထဲက ပညာရပ်အသုံးအနှုန်းနဲ့မဟုတ်ဘဲနဲ့ လူအများစုနားလည်နိုင်မဲ့ ဖြေရှင်းနည်း တစ်ခုကိုဥပမာ ပြောပြလို့ရနိုင်မလား။


A:ဥပမာပြောရရင် ဖုန်းလိုင်း ငါးလိုင်း သုံးခွင့်ပြုထားတယ်။ ကျွန်တော်က လေးလိုင်းပဲ သုံးမယ် တစ်လိုင်းကို emergency အတွက်ထားမယ်ဆိုရင် လိုင်းကျပ်တဲ့ ပြဿနာမရှိနိုင်ပါဘူး။ ငါးလိုင်း သုံးရမဲ့နေရာမှာ ခြောက်လိုင်း သုံးရင်၊ ထပ်ပွားရင်တော့ လိုင်းကျပ်တဲ့ ပြဿနာက ရှိနေမှာပါပဲ။ ငါးလိုင်း သုံးရမှာကို ငါးလိုင်းပဲ သုံးမယ်၊ ထပ်မပွားဘူး၊ ကွာလတီကို ထိန်းထားမယ်ဆိုရင် ပြဿနာမရှိပါဘူး။


Q:မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလဲ ငါးသိန်းထက်လျှော့တဲ့ မိုဘိုင်းဖုန်း သန်းသုံးဆယ် ငါးနှစ် စီမံကိန်းကိုအကောင်အထည်ဖော်နေပါတယ်။ ခု ရွှေပြည်တံခွန်က လုပ်တဲ့ငါးထောင်တန် ဖုန်းကိစ္စကရော မြန်မာ့ ဆက်သွယ်ရေးနဲ့လုပ်ဆောင်မှာပါလား။


A:မဟုတ်ပါဘူး။ ကျွန်တော်တို့က ပုဂ္ဂလိက သတ်သတ် လုပ်မှာပါ။ နိုင်ငံတော် သမ္မတရဲ့ ပရိုင်းဗိတ်၊ ပတ်ဗလစ်၊ ပါတနာရှစ် ဆိုတဲ့ 3 Ps ကို တဘက်တလမ်းက ပါဝင်တဲ့သဘောပါ။ ကျွန်တော်တို့ရဲ့ ငါးထောင်တန်ဖုန်းကိစ္စဟာ မြန်မာ့ ဆက်သွယ်ရေးနဲ့ မဆိုင်ပါဘူး။


Q:ခွင့်ပြုချက်ရခဲ့ရင် ဖုန်းအလုံးအရေအတွက် ဘယ်လောက်နဲ့စတင်ရောင်းချမယ်လို့ ရည်ရွယ်ထားပါသလဲ။ ဘယ်ဒေသတွေမှာအရင်ရောင်းချမှာပါလဲ။


A:ကျွန်တော်တို့ Sim Card တစ်သန်း စရောင်းပါ့မယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကို ပထမဦးစားပေး အရင်ဆုံးရောင်းချပါ့မယ်။ ဘာကြောင့်လဲ ဆိုတော့ ဧရာဝတီတိုင်းဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ စပါးကျီပါ။ အဲဒီဒေသက လူတွေ တိုးတက်ဖို့လိုတယ်။ ခုဆိုရင် အင်ဖော်မေးရှင်း စီးဆင်းမှု နှေးကွေးတဲ့အတွက် တကယ်အလုပ်လုပ်သူတွေ၊ ထုတ်လုပ်သူတွေက နစ်နာနေရတယ်။ ဈေးကွက်မှာ ဖြစ်နေတဲ့ ဈေးအတိုင်း တကယ်ထုတ်လုပ်သူတွေက မရဘူး၊ ပွဲစားကုန်သယ် ကြားခံအဆင့်ဆင့်ကြောင့်မလို့ ရသင့်ရထိုက်တဲ့ ဈေးနှုန်းတွေ မရဘူးဖြစ်နေတယ်။ သူတို့မှာသာ ဖုန်းရှိရင် ဆက်သွယ်ရေးလွယ်ကူသွားမယ်ဆိုရင် ဒီကိစ္စတွေနဲသွားမယ်။ ကျွန်တော်တို့ရဲ့ စပါးကျီဒေသက လူတွေ တိုးတက်ရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ထမင်းဝမှာပဲ။


Q:အခု အနည်းဆုံး မြန်မာငွေ ငါးသိန်းပေးမှ ရနိုင်တဲ့ဂျီအက်စ်အမ်ဖုန်းတွေကို ငွေ ငါးထောင်ထဲနဲ့ရောင်းမယ်ဆိုတော့ ရွှေပြည်တံခွန်အနေနဲ့ စီးပွားရေးအရတွက်ခြေကိုက်မှုရော ရှိပါရဲ့လား။


A:ဒီဖုန်းတွေရဲ့ တန်ဖိုးက ဒီလောက်နဲ့ရောင်းလို့ရလို့ ရောင်းတာပါ။ တကယ်ရောင်းနိုင်လို့ ရောင်းတာပါ။ ကျွန်တော်တို့က ထူးပြီး လုပ်ပေးရတာမရှိပါဘူး။ ဆင်းရဲမွဲတေမှု လျှော့တယ်ဆိုတာ လူတွေကို ပိုက်ဆံပေးလို့ ကောင်းသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေမှာ ဒီဆက်သွယ်ရေးလေး တစ်ခုလွယ်ကူအဆင်ပြေသွားမယ်ဆိုရင် သူ့အပေါ်က ရလာမဲ့အကျိုးကျေးဇူးက အများကြီးပဲ။ အဲဒါကိုလဲ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံ့အကြီးအကဲတွေက သိတယ်။ အဲဒါကြောင့် လမ်းဖောက်ပေးတယ်။ ဘာကြောင့် ကျွန်တော်တို့က ရဲရဲမလျှောက်ရမှာလဲ။ အမှန်တကယ်က ငါးထောင်ဆိုတာတောင် များတယ်။ အလကားပေးသင့်တာ။ ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို အစိတ်ဆိုတာကလဲ များတယ်။ နိုင်ငံတကာမှာ လေးကျပ်ခွဲ ငါးကျပ်လောက်ပဲ ရှိတာ။ ဒါတွေက ကျွန်တော်တို့ ပြည်သူတွေ အားလုံးခံစားရမဲ့ အခွင့်အရေးတွေပါပဲ၊ ကျွန်တော်တို့ ထူးပြီး လုပ်ပေးရတာမရှိဘူး။ ကျွန်တော်တို့ ပြောချင်တာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်ဖူး၊ စားစရာလည်း မဟုတ်ဖူး၊ လူတိုင်းလူတိုင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေမှာ အသုံးပြုဖို့ လိုအပ်တဲ့အရာ၊ ကြားခံပစ္စည်းတစ်ခုပဲ။


Q:အခု ရွှေပြည်တံခွန်က နိုင်ငံတော် သမ္မတရုံးကိုပရိုပိုဆယ်လ်တင်ထားတုန်း အဆင့်ပဲ ရှိသေးတယ်။ ခွင့်ပြုမယ်မပြုဘူး မသိရသေးဘဲနဲ့ လူထုကို အသိပေးလိုက်တဲ့အပေါ်မှာရောဘယ်လိုသဘောထားနဲ့ အသိပေးလိုက်တာပါလဲ။ လိုအပ်တဲ့ Infrastructureတွေက အသင့်ဖြစ်ပါပြီလား။


A:အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်တော်တို့ ဒီလုပ်ငန်းကို လုပ်နေတယ်ဆိုတာ ပြည်သူကို အသိပေးတာပါ။ ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ ဒီနေ့ ခွင့်ပြုရင် မနက်ဖြန်စလုပ်မယ်။ စမယ်ဆိုတာနဲ့ ဘယ်လို စလုပ်မယ်ဆိုတာ Master Plan ရှိပါတယ်။ ခုချိန်မှာတော့ ပြောဖို့ စောနေပါတယ်။ တခုခု ထူးခြားတာနဲ့ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ပြီးတော့ အခုလိုပဲ အသိပေးပါမယ်။


Q:ကနဦးပေးသွင်းရမှာက မြန်မာငွေကျပ် ငါးထောင်၊ ဖုန်းခေါ်ဆိုခက၂၅-၃၀ ဆိုတော့ အင်တာနက် အသုံးပြုခကရော ဘယ်လိုပေးဆောင်ရမှာပါလဲ။ အင်တာနက် အသုံးပြုဖို့ကိုသီးသန့်ထပ်ပေးဖို့ လိုပါသလား။


A:အင်တာနက် အသုံးပြုခက လုပ်ခွင့်ရတာနဲ့ ထပ်ထုတ်ပြန်ပါ့မယ်။ အသေးစိတ်ထုတ်ပြန်ပါ့မယ်။ အင်တာနက် ဆားဗစ်အတွက် ထပ်ပြီး ထည့်ဖို့မလိုပါဘူး။ အဲဒါကျတော့ လူလည်ကျလွန်းရာ ကျနေပါတယ်။ ဥပမာပြောရရင် ကားဝယ်တာ ဘီးပါလား၊ စီယာတိုင်ပါလားလို့ မေးနေတာနဲ့ တူနေတယ်။ ဖုန်းဝယ်ပါပြီဆိုမှ အင်တာနက်ဆားဗစ်လည်း တစ်ပြိုင်တည်းပါပါတယ်။ 3G ဆိုပြီးတော့ အင်တာနက်ထပ်သုံးရင် ဘယ်လောက် ထပ်ဖြည့်ရမယ်ဆိုတာကျတော့ ကျွန်တ်ာတို့ မလုပ် ပါဘူး။


Q:မြန်မာငွေကျပ် ငါးထောင်နဲ့ ဂျီအက်စ်အမ်ဆင်းကဒ်ဝယ်လို့ရတယ်ဆိုတဲ့ သတင်းအပေါ် မယုံမရဲဖြစ်နေကြတဲ့ပြည်သူတွေကို ရွှေပြည်တံခွန်အနေနဲ့ ဘာများ ထပ်ဖြည့်ပြောချင်ပါသလဲ။


A:ဒီအခွင့်အရေးဟာ ပြည်သူတိုင်းရရမဲ့ အခွင့်အရေးဖြစ်ပါတယ်။ ကျွန်တော်တို့က Magician တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖုန်းတစ်လုံးကို ငွေအနည်းငယ်နဲ့ အလွယ်တကူပိုင်ဆိုင်နေရတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ ဖုန်းတလုံးရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီအတွက် ကျွန်တော်တို့ ကုမ္ပဏီက ထူးပြီးလုပ်ပေးရတာလဲ မရှိပါဘူး။ ဒီလုပ်ငန်းကို လုပ်ခွင့်ရရင် လုပ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမှာပါ။ နယ်စပ်ဒေသတွေမှာ ဆိုရင် လူတွေက တစ်ဘက်နိုင်ငံက ဖုန်းတွေကို သုံးကြပါတယ်။ အဲဒါ ဘာဖြစ်တယ်လို့ ကျွန်တော်ခံစားရလဲ ဆိုတော့ ကျွန်တော်တို့ နယ်ချဲ့ခံနေရတယ်လို့ ခံစားရတာ။ ကျွန်နော်တို့ ပိုင်နက်ထဲမှာ၊ ကျွန်တော်တို့ သွေးချင်းတွေက သူများနိုင်ငံက ဖုန်းကို သုံးပြီးတော့ သူများနိုင်ငံကို ဖုန်းဖိုးပေးနေရတယ်။ အဲဒါကို ကျွန်တော် မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ နိုင်ငံထဲမှာ ကျွန်တော်တို့က ထုတ်တဲ့ဖုန်းတွေပဲ သုံးနိုင်အောင် ကျွန်တော်တို့ လုပ်ရပါမယ်။ နိုင်ငံတော် သမ္မတကြီးကလဲ ဆင်းရဲမွဲတေမှု ပပျောက်ဖို့လိုတယ်။ လူနေမှု အဆင့်အတန်းမြင့်ရမယ်လို့ ပြောခဲ့တယ်။ အဲဒီစကားကို ကျွန်တော်တို့ ဦးထိပ်ထားပါတယ်။ သမ္မတကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ ပါဝင်ချင်တယ်။ ၀င်ငွေနဲပြည်သူတွေ၊ ကျောင်းသူကျောင်းသားတွေ အတွက် ဆက်သွယ်ရေးမြန်ဆန်လွယ်ကူဖို့ ကျွန်တော်တို့ လုပ်ပေးချင်ပါတယ်။ နိုင်ငံတော် သမ္မတရုံးက ခွင့်ပြုချက်ရတာနဲ့ ကျွန်တော်တို့ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပါ့မယ်။

ဟုတ်ကဲ့။ ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Resources:
- http://www.mmtimes.com/2012/tech/609/index.html

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းဘီလ်ဆောင်တဲ့ ဌာနများကိုဖျက်သိမ်းတော့မည်



ဘီလ်စနစ်အသုံးပြုတဲ့ဖုန်းတွေအားလုံးကို ငွေဖြည့်ကဒ်စနစ်ပြောင်းလဲတော့မှာဖြစ်ပြီး ဘီလ်စနစ် ဆက်အသုံးပြုချင်သေးတဲ့ ဖုန်းတွေ ကတော့ လစဉ် ဖုန်းဘီလ်ကို ဘဏ်တွေကနေတစ်ဆင့်ပေးဆောင်လို့ရမှာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးမှ သိရပါတယ်။
“ဘီလ်ဆောင်တဲ့နေရာတွေအားလုံးဖျက်သိမ်းပြီးအွန်လိုင်းဖုန်းဘီလ်ဆောင်တဲ့စနစ်နဲ့ပဲ ဆက်သုံးလို့ရမယ်၊ ဘဏ်မှာစရင်းရှင်အကောင့်ဖွင့်ပြီး ဘီလ်ဆောင်ရင်ဆောင်၊ မဆောင်ရင် ကိုယ်စားလှယ်တွေကိုဝန်ဆောင်ခပေးပြီး ဆောင်ရမယ်” လို့မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ဆိုပါတယ်။
ဘီလ်စနစ်ဆက်သုံးမယ့်ဖုန်းတွေက အွန်လိုင်းဖုန်းဘီလ်စနစ်နဲ့ ဖုန်းဘီလ်ဆောင်မယ်ဆိုရင် မြန်မာ့စီးပွားရေးဘဏ်နဲ့ AGD ဘဏ်တွေမှာ လစဉ်
ဖုန်းဘီလ်ဆောင်နိုင်ပါတယ်၊ မြန်မာ့ဆက်သွယ်ရေးက ဘီလ်စနစ်ဖုန်းတွေ အားလုံးထံ ငွေဖြည့်ကဒ်စနစ်သုံးဖို့ အကြောင်းကြားစာ မက်ဆေ့ခ်ျတွေကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့ကစပြီး စတင်ပေးပို့နေပြီး မက်ဆေ့ခ်ျတွေကို အကြောင်းမပြန်တဲ့ဖုန်းတွေကို ဘီလ်စနစ်ဆက်သုံးမယ်လို့ ယူဆမှာဖြစ်ပါတယ်။
နိုင်ငံတကာက ဖုန်းတွေမှာလည်း ငွေဖြည့်ကဒ်စနစ်သာများတာကြောင့် ပြည်တွင်းဖုန်းတွေကို
ငွေဖြည့်ကဒ်စနစ်ပြောင်းလဲတာဖြစ်ပြီးမြန်မာ့ဆက်သွယ်ရေးရဲ့ တချို့ကဏ္ဍတွေကို ပုဂ္ဂလိက ဖုန်းကုမ္ပဏီတွေနဲ့ ဖုန်းအရောင်းဆိုင်တွေကို ကိုယ်စားလှယ်ယူလုပ်ကိုင်ခွင့်ပေးဖို့စီစဉ်နေ တာကြောင့် ဆက်သွယ်ရေးရုံကတိုက်ရိုက်လုပ်ဆောင်ပေးမှုတွေ နည်းပါးသွားမှာဖြစ်ကြောင်း၊ ယခုလုပ်ကိုင်ပေးနေတဲ့ ဌာနတွေကိုလည်း အဆင့်တစ်ခုချင်းစီအလိုက်ဖျက်သိမ်းသွားမှာ ဖြစ်ကြောင်းသိရပါတယ်။

No comments:

Post a Comment