27 January, 2012

မောင်လှမျိုး ကဗျာများ

အချစ်၏တည်နေရာ
လွမ်းသမျှ..............မပျော်
တမ်းတ,.............. မျှော်....ငေး
ဖော်မဲ့ ,.......... ဝေးကွာ
သောက,.......ရွာ ။






''မျက်ရည်မြစ်ကျဉ်း''


စိတ်ကိုရွေ့ လျား
မေ့ထားရုံနဲ့ ၊
မေ့သွားရင်လဲ
အကောင်းသား။


မမေ့မမုန်း
တနေ့ လုံး....သူ၊
စိတ်ကိုယူငင်
ရင်တွင်ရစ်ဖွဲ့ ၊ နှောင်တွယ်နွဲ့ ပြုံး
လှော်ရင်းနှစ်ပြီ။


မပျော်နေ့ ည
မေ့ မရလို့ ၊
တွေ့ ကြတဲ့အခါ၊ သူမြင်သာအောင်
ကြင်နာအရိပ် ၊ အလွမ်းစိတ်ကို
နှလုံးသားမှ ၊ ပါးစပ်ပိတ်ထား


မျက်ရည်များဖြင့် ပြချင်တယ်....။ ။












လွမ်းသူ့ကိုယ်စား

တစ်နှစ်ကူးပေမယ့်
မချစ်ဖူးသေးတာ ယုံပါ ... ခင်။
မယုံလျှင်
ပိတောက်ပင်ကို ခင်မေးကြည့်။
ပွင့်ခက်ညှာရွှေရည် အပြည့် နဲ့
လွင့်တက်ကာ လေမှာ မြူးချင်သော်လည်း
( ပိတောက်ခမျာ )
အထီးကျန်သူ မောင့်ကို မြင်လို့
မဖူးချင် မပွင့်ချင် ( သူ့ ) အမူအရာနဲ့
လူတကာကို
မူဆာတာ ဝေမျှပေးနေတဲ့
ရွှေဝါရောင် ပွင့်ဖတ်တွေကြားမှာ
လွမ်းဓာတ်တွေဖြည့် ။ ။



 အဖော်

လွမ်းရိပ်တွေ ထင်
ကောင်းကင်မှာ အုံ့ကာမှိုင်းလျက်
ငိုမိမှာစိုး။
အလွမ်း .. နွေ ပြေလိမ့်နိုး
ရွာလိုက်ပါ ... မိုး။
လွမ်းမိပြီခင်
မျှော်တွေးမြင် အဖြေဝေးခဲ့
ပူဆွေးမှာစိုး ။
ဝေးနေစဉ်ပြန်ဆုံနိုး
တမ်းတမျှော်ကိုး။
လွမ်းလွန်းတယ် ... ခင်
သံယောဇဉ် မြင်နေသေးသမျှ
ဝေးကြမှာစိုး ။
တွေးဆကာ ရင်မှာညှိုးလျက်
သောကတွေတိုး ။
မိုးရွာပေါ့
ဝသန်ခါ ၊
ပွင့်မာလာ
ပန်းတွေ လန်းပေမယ့်
နွမ်းရဆဲပါ။
ခွဲနေချိန်
အသေအချာလာကြည့်
အသည်းအိမ်ရင်မှာ
ဝေဒနာသာရှိ၊
ခင်ရယ်...
ချစ်သူတွေ ဝေးနေဆဲ
မိုးသည်းရွာ၏ ။ ။

မောင်လှမျိုး



'' တွေ့ ဆုံခြင်း ''


ဈာပန တစ်ခုလို
မြှပ်နှံခွင့် ရခဲ့ရင်
ငါ ရှင်ပြန်ထမြောက်မှုကို
ဘယ်သူ ကြိုမှာလဲ ။


မီးတောက်တွေကို
မြိုချခဲ့ပြီး
မင်းကို ပြုံးမပြမိတာ
မင်း..ပူလောင်မှာဆိုးလို့ ပါ ။


ဆူးခက်တွေကို
ကိုင်ဆုတ်ခဲ့ပြီး..
မင်းကို..လက်မကမ်းခဲ့တာ
မင်း..ထိပ်လန့် မှာဆိုးလို့ ပါ ။


မနေ့က သက္ကရာဇ်တွေကို
နင်းချေခဲ့ပြီး..
မင်းနဲ့တွေ့ တော့မှ
အနာဂါတ်ကို ငါချစ်ခဲ့ပြီ ။


စိတ်ကူးယဉ်ပန်းကုံးတွေနဲ့ 
မင်းကို မချည်နှောင်ပါရစေနဲ့ ။
လက်တွေ့ ကျကျ
လမ်းခွဲလိုက်တာကိုက
မင်းအတွက်ပေးတဲ့
ငါ့လက်ဆောင်ပါ ။


မငိုနဲ့လေ
အဲဒီမျက်ရည်တွေကို မြုပ်နှံခဲ့ပြီး
ဒုတိယမြောက်
ရှင်ပြန်ထမြောက်ခြင်းရဲ့  အစွန်းမှာ..
မင်း...ငါ့ကို တွေ့ လိမ့်မယ် ။


အဲ့ဒီတော့မှ
ငါ .. သေဆုံးရမှာပါ ။
တွေ့ ဆုံခြင်း
ဈာပန တစ်ခုလို
မြှပ်နှံခွင့် ရခဲ့ရင်
ငါ ရှင်ပြန်ထမြောက်မှုကို
ဘယ်သူ ကြိုမှာလဲ ။


မီးတောက်တွေကို
မြိုချခဲ့ပြီး
မင်းကို ပြုံးမပြမိတာ
မင်း..ပူလောင်မှာဆိုးလို့ ပါ ။


ဆူးခက်တွေကို
ကိုင်ဆုတ်ခဲ့ပြီး..
မင်းကို..လက်မကမ်းခဲ့တာ
မင်း..ထိပ်လန့် မှာဆိုးလို့ ပါ ။


မနေ့က သက္ကရာဇ်တွေကို
နင်းချေခဲ့ပြီး..
မင်းနဲ့တွေ့ တော့မှ
အနာဂါတ်ကို ငါချစ်ခဲ့ပြီ ။


စိတ်ကူးယဉ်ပန်းကုံးတွေနဲ့ 
မင်းကို မချည်နှောင်ပါရစေနဲ့ ။
လက်တွေ့ ကျကျ
လမ်းခွဲလိုက်တာကိုက
မင်းအတွက်ပေးတဲ့
ငါ့လက်ဆောင်ပါ ။


မငိုနဲ့လေ
အဲဒီမျက်ရည်တွေကို မြုပ်နှံခဲ့ပြီး
ဒုတိယမြောက်
ရှင်ပြန်ထမြောက်ခြင်းရဲ့  အစွန်းမှာ..
မင်း...ငါ့ကို တွေ့ လိမ့်မယ် ။


အဲ့ဒီတော့မှ
ငါ .. သေဆုံးရမှာပါ ။




ကုသကဲ.သို.


တမင်သူမုန်း
ရင်ပူရှုံးနိမ်.
တသိမ်.သိမ်.ရှိုက်....အော်ငိုလိုက်ချင်...။
တမင်သူစိမ်း
ရင်ပူမငြိမ်း
မျက်ရည်လိမ်းကျံ ငိုဖို.ဟန်ပြင်...။
အပျံသင်စ
မပျံခင်ကတောင်ပံကျိုး...။
အချစ်မြင်စ
မချစ်ခင်ကမျက်ရည်ပျိုး...။
ဒါပေမယ်.ကွယ်
မျက်ရည်ခမ်းခြောက် အလွမ်းဆိတ်သုဉ်း
အမုန်းပြေငြိမ်း အစိမ်းကွက်ပျောက်
အချစ်ရောက်လာ ထိုအခါထိ
ချစ်ခင်မြတ်နိုး တိတ်တခိုး...။
မောင်လှမျိုး(ချင်းချောင်းခြံ)




ပင်လယ်ပြာ

မင်းဘာကြောင်.
လှိုင်းထန်နေရတာလ...။
ိငြိမ်သက်သက်မင်းရဲ. ရေပြင်အထက်မှာ
ကိုယ်.ရဲ.လှေငယ်လေးကို
(လေပြေညှင်းနဲ.အတူ)
လှော်ခတ်ခွင်.ပြုပါ....။
ကမ်း မကပ်ကြေး
ဟိုး...ပင်လယ်ပြင်အနှံ့
အဝေးဆုံးအထိလေ...။
မင်း.........
လှိုင်းထန်နေလေလည်း
ကိုယ်ကလှော်ခတ်နေဲ.သူပါကွယ်
ကိုယ်.တစ်ကိုယ်လုံး
ပင်လယ်ထဲစုံးစုံးမြုပ်ပေါ့။
မင်းရဲ့.........
ပင်လယ်ထဲမှာ
ကိုယ်.....
ပြာမှုန်ဖြစ်သွားပြီ.....။
မောင်လှမျိုး(ချင်းချောင်းခြံ)
 


စကားစိမ်း


စကားပွင်.ဖြူ
သူ....ပန်ယူရန်
တမာန်ဆက်သ၊မနက်ကပေါ့။
စကားပွင်.ညှာ
သူ.ကေသာပေါ်
ဂုဏ်ဝံ့ပျော်ရန်
တဖန်ဆက်သ၊မနက်ကပေါ့
မလိုမုန်းတီး
တိမ်းရှောင် သိးပွင်.
သခင်.မျက်နှာထား၊တင်းမာအားကြောင်.
စကားပွင်.များ စိမ်းသွား၏....။
မောင်လှမျိုး(ချင်းချောင်းခြံ)

မာနမြားမိုး


ပန်းပွင်.ပန်းမိုး
ရွာသွန်းဖြိုးတယ်...လို.
ကိုယ်...ခံယူပါ့မယ်သခင်။
မိုးရေ ထွက်ချိုးလို.
မိုးမိနှာစေးတဲ.
ကလေး တစ်ယောက်ထက်
ကိုယ်.အဖြစ်က ဆိုးလှပါတယ်။
မာနကိုမြှားလိုချွန်ပြီး
အငြှိုးကြီးတဲ. လေးအတတ်နဲ.
ကိုယ်တိုင်ပစ်ခွင်းမှတော.
ကိုယ်...က
ဘာကြောင်.ရှောင်ပြေးရမှာလဲ။
အငြိုးကြီးသူခင်း အတူတူ
သခင်ရယ်....
သုဘဒ္ဒါကမှ လူစားလွှတ်လိုက်ပါသေးရဲ.....။
မောင်လှမျိုး(ချင်းချောင်းခြံ)



နှစ်ဆယ့် တစ်ရာစု ရည်းစားစကား



မျက်နှာချိုသွေး ... သွေးပြီ ၊

ချစ်ရေးဆိုရမှာ

ရှက်လိုက်တာ ....။

ဂီတာမတီးချင်ဘူး

သီချင်းမဆိုချင်ဘူး ၊

စာမပေးချင်းဘူး

ကဗျာမရွတ်ချင်ဘူး ၊

အုတ်ခုံကို ... ဂစ်တာနဲ့ ရိုက်ခွဲ .....

အဲဒါ

ကိုယ့် အသည်းပါပဲ .... ။

အိုက်တင်....ပေး

ဖက်ရှင်.....ပြ

အ၀တ်အစား လှလှတွေဝတ်ပြီး

ပြဇတ် မကချင်ဘူး ..... ။

ဟောင်နွမ်းနေတဲ့ 

အင်္ကျီကြယ်စေ့ တွေကို

လက်နှစ်ဖတ်နဲ့  ( ဖြန်းခနဲ ) ... ဆွဲဖွင့် 

အဲဒါ ...

ကိုယ့်ရဲ့ ပန်ကြား ခွင့် ပေါ့  ..... ။

အသည်းမကွဲချင်ဘူး

မျက်ရည်မကျချင်ဘူး ၊

ကွန်ပြူတာ စကိခလုပ်တွေပေါ်မှာ ...

တို့ နှစ်ယောက်

ပျော်ရွှင်စွာ တွေ့ ဆုံကြရအောင် ....။






အစိမ်းရောင် နှင်းဆီ

မုန်တိုင်း ...
လေပြေရဲ့ တံတိုင်းကိုချိုး
ပန်းမျိုးတစ်ရာကို ချေဖျက်
သူရဲ့ လက်နက်ကို
ရက်စက်တယ်လို့ မယူဆလို
မုန်းတိုင်းဆိုတာ
( တစ်ချိန်ချိန်မှာ ရင့်အိုသွားရစမြဲ )
အစဉ်နုပျိုနေတာမှ မဟုတ်ဘဲလေ ... ။

ရေလှိုင်း
ကမ်းပါးရဲ့ တံတိုင်းကို ချိုး
ပင်လယ်ပျိုလုလင်ရဲ့
သူ့ရင်ခွင်ကို ခွဲထုတ်
အဲဒါ ...
ရေလှိုင်းရဲ့ အလုပ်ပေပဲ ။

ဒါပေမဲ့
ရေလှိုင်းဆိုတာလည်း
မုန်းတိုင်းနဲ့ တစ်ဆက်တည်းမို့
( ကြေကွဲနေစရာ မလို )
ူသူလည်း ...
ရေထဲမှာ ရင့်အိုသွားလိမ့်မယ်
အို ...
ချစ်တဲ့ နှင်းဆီ
ရာသီတွေ ဘယ်လိုရင့်ရင့်
မုန်တိုင်းတွေ ဘယ်လိုသင့်သင့်
ရေလှိုင်းတွေ ဘယ်လောက်မြင့်မြင့်
လေပြည်တွေ ဘယ်လောင်ဆင့်ဆင့်
သင့်ရဲ့ နှင်းဆီပွင့်ကတော့ ..
( အစဉ်သဖြင့် )
မာန်ဝင့်နေဆဲပါလားကွယ် ။ ။



ဆောင်းဥသြ


နှင်းငွေ့လွင့်မျော
ချစ်သူချော။
ကြင်နာဖွင့်ပြော
ဘ၀တော.. ။
ပြောင်းလဲ ..မလို ။ ငိုရ .. မတတ်
အနာဂတ်.. တွေး ၊ ရင်လေးစိတ်မော
( အေးမြသလို
ဘ၀င်အိုရ ၊ ဘ၀ .. နွေနှော )
ဆောင်းဥသြ



မနေ့က ဆောင်း


ရွက်ကြွေသမျှ
မျက်ရည်မကျခဲ့ပါ ။

ရွက်ဟောင်းသမျှ
ရင်နှောင်းလလွန်
မျက်ရည်သွန်းဖျန်း
မလွမ်းခဲ့ပါ ။

နွေဟူသမျှ
ပူရမှန်းမသိ
ပကတိအသည်း
ရင်ထဲဟောက်ပက်
အနေခက်မှ
နွေရက် .. အကြွေ
နှင်းမှုံဝေအား
ရင်ကိုထွေးတဲ့
ဆောင်းလေပြေသွေ့
ထိုတနေ့ကို
သတိရလို့ ၊ ငိုမိတယ်။
တမ်းတမိလို့ ၊ လွမ်းဖြစ်တယ် ။





အချော့တော်


မျက်လုံမှိတ်လည်း
တိတ်ဆိတ်သံစဉ်
သူ့ရင်ခွင်မှာ
ရင်ခုန်သံနှိုး
သည်တန်ခိုးကြောင့်
ခဏခဏ နိုးနေတယ်



အများသုံးဖိနပ်တစ်ရံ

အချစ်က................ကျောင်းမပြေးခိုင်းဘူး
အချစ်က................မငိုခိုင်းဘူး
အချစ်က.................မရက်စက်ခိုင်းဘူး
အချစ်က.................(မိဘကို) လိမ်မပြောခိုင်းဘူး
အချစ်က.................အရက်မသောက်ခိုင်းဘူး
တကယ်တော့ အချစ်ဆိုတာ
(အပြစ်မဲ့) ဖိနပ်တရံပါ ။

လူတွေ .....
စီးချင်သလို စီးပြီး..
သွားချင်ရာသွားခဲ့....လုပ်ချင်ရာတွေလုပ်ခဲ့ကြလို့...
" အချစ် " က
(ခဏခဏ) နာမည်ပျက်သွားတာ ။
ဖိနပ်က.....သယ်ဆောင်သူ မဟုတ်ဘူး
ခြေထောက်တွေကသာ.... ဦးဆောင်သွားကြတာ ။

တကယ်ဆို
အဲဒီဖိနပ်လေးကို ....တရိုတသေသိမ်းထားပြီး....
လမ်းကောင်းကောင်း တွေ့မှ
လမ်းကောင်းကောင်း လျောက်တတ်မှ
တစ်ယောက် တစ်ရံစီ ထုတ်စီးလိုက်ရရင် ....
ဖိနပ်အသစ်လေးနဲ့......
ဘယ်လောက်လှလိုက်မလဲ ။

အဲဒါဆို....
" အချစ် "လည်း နာမည်မပျက်တော့ဘူး............။





ပင့်ကူအိမ်


" တက် " တခေါက်ခေါက်နဲ့
အလွမ်းမီးတောက်တွေကြား
ငါ ......
ဗျာများခဲ့တာ ။

မျက်ရည်တ၀ဲဝဲနဲ့
ပူပန်မှုမီးခဲတွေကြား
ငါ ........
ခိုနားခဲ့တာ ။

ဆံပုတ် ...
ခေါင်းပုတ်....
မင်းလုပ်သမျှ
အမှားတွေကြား..
ငါ .. ပျံသန်းခဲ့တာ ။

ငါ့အတွက်
ရင်နာစရာ မဟုတ်ပါကွယ် ။

မင်းအနားကို
ငါ မလာချင်ဘူး
ဒါပေမဲ့
မင်းအနားက
ငါ
မခွါနိုင်ဘူး...





ချစ်လွန်းလို့


မင်း .. ဘယ်သွားသွား
တားဆီးမိတာ
မင်း .. ဘာလုပ်လုပ်
ချုပ်ချယ်မိတာ
( မချစ်လို့တော့ မဟုတ်ဘူး )

မင်း.. ဘာပြောပြော
ဒေါသဖြစ်တာ
မင်း .. ဘယ်ရောက်ရောက်
သောက .. ဖြစ်တာ
(မချစ်လို့တော့ မဟုတ်ဘူး )

ချစ်လို့စိုးရိမ် ၊ စိတ်ငြိမ်မှုမဲ့
ဒေါသလက်သီး ၊ ဘီလူးစီးတယ်
မြင်တတ်အောင်သာ ၊
ကြည့်လှည့်တော့
ရင်ထဲကိုသာ
မြင်လှည့်ပေါ့ .. ။ ။





နှစ်ကိုယ်သိ
သူက. . .
အခြားတစ်ယောက်ရဲ့
တယ်လီဖုန်းကို
မျှော်စောင့်နေရစဉ်မှာ. . .

ကိုယ်က. . .
သူရောက်အလာ
သူ့မျက်နှာကို
တမ်းတ,လွမ်းဆွတ်
မျှော်ရတယ်။

တယ်လီဖုန်းဆက်ပြီး
. . .နောက်,
သူရောက်အလာ၊
ကြင်နာကြေကွဲ
ကိုယ့်အသည်းက,
သူ့ကို. . .
ပြုံးပြပြီးတော့ ကြိုရတယ်။ ။

မောင်လှမျိုး(ချင်းချောင်းခြံ)


ပညတ်ချက်

“ရန်ဖြစ်ထားရင်
ဖုန်းဆက်ပြီး မချော့နဲ့၊
လူကိုယ်တိုင် လာတောင်းပန်
ဖုန်းပိတ်ထားမယ်”...တဲ့။

“ဆေးလိပ်မသောက်နဲ့။
နောက်တစ်ခါသောက်တာ…တွေ့ရင်၊
(ငါပါ)
အတူလိုက်သောက်မယ်”…တဲ့။

“နောက်တစ်ယောက်ကို ချစ်ဖို့
ခြေလှမ်းမပြင်နဲ့။
ခြေလှမ်မှားလို့ကတော့…
အမေ ပေးစားတဲ့ လူနဲ့
ယူပစ်လိုက်မှာနော့်”…တဲ့။

ပညတ်ချက်တွေ ထုတ်ပြန်ပြီး
(မကြာမီမှာ)
သူ…
နိုင်ငံခြားခရီး ထွက်သွားတယ်။ ။

မောင်လှမျိုး(ချင်းချောင်းခြံ)





အသည်းရောဂါ ကာကွယ်နည်း

နေမကောင်း မဖြစ်ခင်
ဆေးပြားတွေ…၊ ကြိုတင်သောက်ထားရသလိုမျိုး၊

ရောဂါမရခင်
ကာကွယ်ဆေး ထိုးကြသလိုမျိုး၊

သူ့ကို
ချစ်မိတဲ့ နေ့ကစပြီး၊

အသည်းနှလုံးကို
ခေါင်းအုံးအောက်မှာ ထားလိုက်တယ်…။ ။



အရူး

လိုင်စင်ရ လွတ်လပ်သူ။
အပူအပင် ကင်းကင်းနဲ့
သီချင်းဆိုနိုင်ရက်တယ်။

ဒေါသ
ပေါက်ကွဲ။
အရပ်ထဲမှာ
အော်ဟစ်ဆိုဆဲ။

တချို့က
မရဲတရဲ ပြုံးတော်မူ၊
သူ့စိတ်ထဲက အပူကို
ဘယ်သူ သိနိုင်မလဲကွယ်။

“ရူးချင်ယောင်ဆောင်နေတာ”
မဟုတ်ခဲ့ရင်၊
သူ့ သံယောဇဉ်နဲ့…သူ
ပူပင်နေမယ် ထင်ပါရဲ့။

တချို့က
“ရူးနေတာပဲ ကောင်းပါတယ်”…တဲ့၊
ကိုယ်ကတော့
တကယ်ရူးချင်နေတယ်ဆိုတာ
ဝန်ခံပါရစေ…။ ။

မောင်လှမျိုး(ချင်းချောင်းခြံ)





သူ…ပိုင်ဆိုင်သော နေ့ညများ

အချိန်တန်တော့
အိမ်ပြန်ပေါ့ကွယ်။
ကြိမ်ဒဏ်ကိုယ်စီ၊ ငိုမြည်ခံစား
(ကံအားလျော့ပါး)
မတရားဘူး။

အသည်းကျွမ်းမြေ့
စွဲလမ်းနေ့စဉ်၊
မမေ့ချင်လည်း၊မေ့ရဲရမယ်
(မေ့ဆေးတစ်လုံးတော့ လိုပါတယ်)။

သူပိုင်ဆိုင်ထား
နေ့ညများမှာ…
စေလိုရာသာ
စေပါလေကွယ်။
သူက ထွက်သွား
နှင်ရက်အားလျှင်…၊
လက်ဖျားတွယ်ဖြုတ်၊ ရုတ်ခနဲ…ထ
ကျောခိုင်းပါ့မယ်
(ငဲ့မကြည့်မိဖို့ လိုပါတယ်)။

သူက လက်ပြ
နှုတ်ဆက်ထားရစ်၊
မချစ်ကြကြေး၊ အမိန့်ပေးလျှင်…,
မနီးမဝေး၊ ရင်ခွင်နွေးကို
ပြေးခိုင်းပါ့မယ်
(ခြေလှမ်းမယိုင်ဖို့ လိုပါတယ်)။

သူက…မုန်းခိုင်း
မုန်တိုင်းလက်ဆောင်
ပေးခဲ့လျှင်လည်း…၊
မုန်းတဲ့ဟန်ပြု၊အမုန်းတုနဲ့
ရှုံးသူ့မျက်နှာ၊ ပြုံးယောင်ဖြာပြီး
ပြုံးနိုင်အောင်သာ ကြိုးစားမယ်
(ပြုံးရဲဖို့တော့ လိုပါတယ်)။

သူ…ပိုင်ဆိုင်ထား
နေ့ညများမှာ…
အင်အားမရှိ၊ ထင်ရှားသိမြင်
ကိုယ့်ရင်ခွင်ထဲ
ငလျင်ရိုက်ခတ်
မပြောတတ်ဘူး။

နေ့နေ့…ညည
တွေ့သမျှ အချိန်၊
အကြိမ်ကြိမ်…ငေး
သူ့ရင်ခွင် နွေးနွေးလေးဟာ
ကိုယ့်ရဲ့
အိမ်ကလေးပါကွယ်။

အိမ်ရှင်အလိုကျ
မငိုရဆို၊မငိုပါဘူး။
အိမ်ရှင်အလိုကျ
မပြုံးရဆို၊ မပြုံးပါဘူး။
အိမ်ရှင်အလိုကျ
လက်ပြနှုတ်ဆက်
လှမ်းအထွက်မှာ၊ အလွမ်းခက်လည်း၊
လွမ်းလျက်အက်ကွဲ၊ကိုယ့်အသည်းကို
အေးခဲမာကျော၊ ကန္တာရတော…သို့
မျှောလိုက်ပါ့မယ်။

သူ…ပိုင်ဆိုင်သော
နေ့…ည မောများ၊
နှလုံးသားမှာ
ရှိနေပါလျှင်…၊

ဝေဒနာဟူသမျှ၊ အတူတကွ…လက်ခံ
မနက်ဖြန်အရေး၊ ကိုယ်…မတွေးဘဲ
ဝေးရဲအောင်လည်း ကြိုစားမယ်။

အချိန်တန်လျက်
အိမ်ပြန်ဖို့ခက်၊
နေ့…ရက်များစွာ…
ထို…ဒဏ်ရာတွေ၊ ဖြေမပြေလည်း…၊
သူ့အား…အားနာ၊ ရင်ခွင်ညှာသိ
ပကတိ…စိတ်၊ မျက်ဝန်းမှိတ်ပြီး
တိတ်တိတ်ကလေး ခံစားမယ်။

သူ…ပိုင်ဆိုင်သမျှ
နေ့…ည များစွာ၊
ဝေဒနာဟူသမျှ
ကင်းပပါစေကွယ်။ ။

မောင်လှမျိုး(ချငိးချောင်းခြံ)







မှော်မင်းသမီး ( ၂ )


အရက်မသောက်ဘဲ
ရူးမူးခဲ့တာပါ ။

အမြင့်ဆုံးမှာ ထားခဲ့တဲ့
ကျွန်တော့် နှလုံးသား
သူ့ က ကွက်များကြားမှာ
လုံးပါး ပါးခဲ့တယ် ။

မုန်းသွားတာတော့
မဟုတ်ဘူး။
အရှူံးများခဲ့တဲ့
အသိမဲ့ နာရီဆိုးတွေ
လွန်မြောက်ပြီးတဲ့ အခါ ၊
အမ္ဗပါလီကို
ချစ်ရသလိုမျိုး ..
ရောင်စုံ မီးခိုးငွေ့တွေကြားမှာ
ကျွန်တော် ...
ရင်ကျိုးခဲ့ရပြီ ။

အလှအပနဲ့
ညှို့ယူဖမ်းစား
" ချစ်တတ်သူနရဲ့ လွမ်းစကား " ကိုတောင်
သူ ... လှောင်ပြောင်ရက်တယ် ။

" ဘ၀ " တစ်ခုလုံးကို
( သူ့ အလှဝတ်ရုံ
လွှမ်းခြုံလိုက်သမျှ )
ကျွန်တော် ..
ည, ဖြစ်သွားတယ် ။

ညတစ်ဆစ် ချိုးမှာ
သူ့အချစ်မိုးအောက်
အဖြစ်ဆိုးစွာ ..
ပြားပြားမှောက်ခဲ့တဲ့
မူးနောက်နောက် .. နှလုံးသား
( သူ့ လှည့်ကွက်များကြားမှာ )
ဗျာများခဲ့ရတယ် ။

အလူးအလဲ .. ထ
မမူးဘဲ က ခဲ့ရသူမို့
ဘ၀ရဲ့
ဖြူလွှလွှ အသိဥာဏ်နဲ့
အိမ်ပြန်ခဲ့တဲ့ အခါ ..
သူ့ရဲ့
စက်ကွင်း .. ပြင်းအား
" မှော်မင်းသမီး တစ်ပါး " ပမာ ၊
အနားမှာ ..
ပါလာတယ် ။

ဦးနှောက်က
လက်မခံဘူး ..
မနက်ဖြန်
အိမ်ပြန်ပါတော့ကွယ် ။

အပြစ်ဒဏ် ခံယူပြီးသား
အကျဉ်းစံ လူသားတစ်ယောက်လို
( ဘ၀ရဲ့ ..
မှောင်ရီအို ညဆိုးတွေထဲ )
နောက်ပြန်လှည့်ကြည့်ဖို့
မ၀ံ့ရဲတော့ဘူး ။

အသည်းဆန်ကာ ပေါက်ကို
ကျွန်တော့် မိတ်ဆွေတွေ
ပြန်ကောက်ပေးကြပါလိမ့်မယ် ...







ကြွေတဲ့လမ်း

မင်းပြုံးရင်.. ပျော်တယ်
မင်းမုန်းရင် ..ငိုမယ်
မင်းထားခဲ့တဲ့အခါ
ခွေယိုင်ညွတ်ကျ
မင်ထူမနိုင်။

မပြိုင်ဘဲ .. ရှုံး
တစ်ကိုယ်လုံး .. ကြွေ ..
ငါ့ခန္ဓာ မြေမှာ .. ပြိုကျ
မင်း ..လိုမှ
ချိုမြစွာပြုံး
ကောက်ယူသုံးစွဲပါဦး
ငါ့အချစ်ဆုံးရေ

ပြန်ကောက်ယူတဲ့အခါ
ကြေမွနေတဲ့ ငါ့နှလုံးသား
အင်းအတွက်
ပန်းကုံးများပါကွယ် ။ ။

မောင်လှမျိုး



ညလွမ်းဖော်

မင်းရှိမှ
သတိရတတ်တာ မဟုတ်ပါဘူး။
မင်းမရှိတဲ့အခါ
သတိရတဲ့ ..စိတ်
အအိပ်ခက်တာ မင်းသိပါ ။

မင်းမြင်မှ
ခင်တွယ်တတ်တာ မဟုတ်ပါဘူး
မင်းမမြင်တဲ့အခါ
ခင်တွယ်မြတ်နိုးစိတ်
အရိပ်အဖြစ် တည်ရှိတာ
မင်း .. သိမှာပါ ။

ဘယ်လောက်ဝေးဝေး
ဘယ်လောက်ခွဲခွဲ
ရင်ထဲက မင်းရဲ့အရိပ်
ငါနဲ့အတူ
အိပ်နေတယ် .. ။ ။



အချစ်ငှက်ဆိုး

လွမ်းတယ် .. လို့
ငါအော်ပြောတာ
တလောကလုံး ကြားတယ်
မင်းကြားရဲ့လား

ချစ်တယ်... လို့
ငါအော်ပြောတာ
တကမ္ဘာလုံး.. ကြားတယ်
မင်း .. သိရဲ့လား ။

ကမ္ဘာလောက
ငါ..ပြောသမျှ ကြားယောင်
အမှောင်မှာစိုးမိုး
မင်းရဲ့ အိမ်ခေါင်မိုးပ်ါက
ငှက်ဆိုးထိုးသံ
ငါ့ရင်ကွဲခြင်းရဲ့
ပဲ့တင်သံပါကွယ်





နောက်ဆုံးကဗျာ
ဘ၀ဆိုတာ
ခဏလေးပါပဲ...တဲ့။.
အချစ်ဆိုတာလည်း
ဘယ်လောက်ကြာမှာတဲ့လဲကွယ်။
နောက်ဆုံး.... ကဗျာ
ပျောက်ဆုံးမှာစိုး၊
မြတ်နိုးသိမ်းထား၊ ရင်ခွင်ကြားမှာ...
ကာလကြာတော့..
မင်ရောင်ဖျော့ညစ်
ဒါ.... အချစ်လား။
အချစ်ကြာ... ကြာ..
အပြစ်ရှာတွေ့၊
မေ့မေ့မုန်းမုန်း၊ စာပန်းကုံးလေး
သူ... ပေးခဲ့ပြီ။
ပေးခဲ့တဲ့...စာ
ရင်မှာနာလည်း...၊
(ဘ၀ဆိုတာတောင်
ခဏလေးပါပဲ....တဲ့၊
အချစ်ဆိုတာလည်း....
ဘယ်လောက်ကြာမှာတဲ့လဲကွယ်)။
ဒီလိုနဲ့ပဲ
ကိုယ့်ရင်ထဲ
ကြေကွဲမျက်ရည် ၀ဲတော့တယ်...။ ။



နောက်ဆုံးအမည်စာရင်း

ငါချစ်သလောက်
မင်း ..မချစ်ရင် နေပါ။
ငါချစ်တာကို
မင်း .. သိပါ။

ငါလွမ်းသလောက်
မင်း .. မလွမ်းရင် နေပါ။
ငါ လွမ်းတာကို
မင်း .. သိပါ ။

ငါမြတ်နိုးသလောက်
မင်း ..မမြတ်နိုးရင်နေပါ
ငါ့မြတ်နိုးမှုတွေကို
မင်းမြင်ပါ ။

ငါချစ်သလောက်
ငါ .. လွမ်းသလောက်
ငါ .. မြတ်နိုးသလောက်
မင်းမသိရင်နေပါ ။

ငါ့နာမည်ကို
မင်း .. မေ့မသွားရင်
ကျေးဇူးအထူးတင်ရှိပါကြောင်း ။



မျှော်တဲ့လမ်း

ပန်းတွေ......
ကြွေနေပါလျက် .........
အလွမ်းတွေ ဖြေပြေစရာ
ခြေရာကို ရှာမတွေ့ ။

ပန်းခြောက်သွားလျှင်လည်း
လှမ်းလျှောက်ကာ ......
သူ ... ရောက်လာပါ့မလား၊
အားမဲ့သူ
မျှော်တဲ့ .. လမ်း
ပန်းလည်းမတွေ့
နွမ်းသွေ့သွေ့ ။



ဝိုးတဝါး

အရိပ်တစ်ခု
စိတ်စုစည်းရာ
သူ .. လာလေသလား။

လေပြေသွေ့လည်း
သူ့ကိုယ်ငွေ့လို ..
သစ်ရွက်လှုပ်ပြန်
သူ့ခြေသံလို
သစ်ကိုင်းရှုပ်ယှက်
သူ့နှုတ်ဆက်ဟန်
သဏ္ဌာန်ထင်မှတ်
အရပ်ဘက်တိုင်း
သူပဲ ဝိုင်းရံ။

ထိုထိုဤဤ ၊ ဟိုဟိုဒီဒီ
မှုန်ရီဝေဝါး၊သူပဲလားကွယ်။

အရိပ်တစ်ခု ၊စိတ်စုစည်းရာ
သူလာမှာလား၊ ထင်ယောင်မှားကာ
ကာလများစွာ မျှော်မိတယ်။



မျက်ရည်ဥတဲ့ည

ရင်မှာမွန်းကျပ် ၊ အလွမ်းထပ်ဆင့်
ရင့်မာအုံဖွဲ့ ၊ နွမ်းလျခဲ့ပြီ
ယောင်ချာယောင်ယက် ၊ သိခက်မေ့မှား
စကားမဖြစ် ၊ ထားရစ်သောသူ
ခြေဖြူဖဝါး ၊ ကုစားခြင်းမဲ့
ကျန်ခဲ့သည့်နောက်၊ စိတ်လည်းဖောက်ပြန်
နောက်ချန်ငိုကြွေး ၊ လမ်းဘေးညည်းချင်း
သတင်းမဖြစ် ၊ အရင်းစစ်တော့
ချစ်မိသည်ကို ၊ အပြစ်ဆိုချင်
ညိုငြင်မှာလား ၊ ပြောသွားဦးလေ
မျက်ရည်မြစ်ကမ်း ၊ အလွမ်းသဲသောင်
သောကဖောင်ဖွဲ့ ၊ မျောလွင့်ခဲ့ပြီ
နေခြည်မှေးမှိတ် ၊ ညအရိပ်ထဲ
လရိပ်လည်းကင်း ၊ အမှောင်တွင်းမှာ
လွမ်းချင်းဘယ်သူ ကူမှာလဲ...။



ပြန်ကြားချက်

မေတ္တာလျော်ကြေး
ပြန်ပေးနိုင်မယ်ဆိုရင်
ပြန်တောင်းပါရစေ..။

သစ္ဇာလျော်ကြေး
ပြန်တောင်းလို့ရမယ်ဆိုရင်
ပြန်တောင်းပါရစေ..။

သံယောဇဉ်လျော်ကြေး
ပြန်ပေးနိုင်မယ်ဆိုရင်
ပြန်တောင်းပါရစေ ..။

အချိန်.. နာရီ
နေ့ ..ရက်..
နှစ်.. လ.. များစွာ
မင်းအနားမှာ..
တစ်ဖဝါးမှ မခွာ
နေလာခဲ့သမျှ၊
ရင်ဘတ်ထဲမှာ
ဖဝါးရာသာ ကျန်ရစ်ခဲ့ရသလို ...
စုံကန်ထွက်ပြေးသွားတဲ့
ပုံမှန်လက်ရေး မဟုတ်တဲ့
ဖြတ်စာတစ်စောင်သာ
ငါ ..ပိုင်ဆိုင်လိုက်ရပါတယ်။

အဲ့ဒါကြောင့်
ဖြစ်နိုင်မယ်ဆိုရင် ..
ငါ့.. အချစ်တွေ
ပြန်ပေးပါ။

ပြီးတော့..
ဖြစ်နုင်မယ်ဆိုရင်၊
ငါ့မနက်ဖန်တွေကိုပါ
.........
ကင်းကင်းရှင်းရှင်းနေပေးပါ





အတွင်းစံ

ရောင်စုံအိပ်မက်တွေလောက်
မလှပ ပါဘူး
မင်း..........
အပြုံးလေးတွေ
နီးနီးလေးမှာ မြင်ရပြီးတဲ့..
နောက် ..
တခြားရယ်သံတွေ
မကြားချင်တော့ဘူး။

လေမဝင်တော့လောက်အောင်
လှောင်ပိတ်နေပေ့စေ ...
မင်းအနားမှာရှိရင်
အသက်ရှုဝတယ်။

အိပ်မက်သေးသေးလေးထဲ
ကပွဲမလိုဘူး။
ဒီနေရာမှာ ..
ငါ ..ငိုခဲ့ဖူးတယ် ဆိုရင်တောင်၊
မင်းရှိနေမှတော့
ညက .. လှပလွန်းပြီ။
ရောင်စုံအိပ်မက်တွေ ..ဖယ်ပေး
ဒီည ..
ငါ...
ဒီမှာပဲ ...
တစ်ရေးလောက် အိပ်ချင်တယ် ။



နေမဝင်အင်ပါယာ

ဘဝကို
ဇောက်ထိုးရေးထားတဲ့
ကယ်ရီကေးချားတစ်ခုလို
ရုပ်လုံးကြွမလာတဲ့
ကောက်ကြောင်းတွေကြောင့်
တစ်ခါ ..တစ်ခါ
နာနာကျင်ကျင် ရယ်မောမိတယ်။

ကားပျက်သွားတာ
အရေးမကြီးဘူး။
ရှေ့ဆက်မယ့်ခြေလှမ်းတွေ
မရပ်တန့်ဖို့သာ
တောင်းဆိုချင်ပါတယ်ကွယ်။

ဂီတ..မရှိဘဲ
သာယာချင်လွန်းလို့၊
ချစ်သူပြုံးပြမှ
ငါ့(ကမ္ဘာမြေ)
နေထွက်ပါစေတော့ ။



သုညရဲ့တွင်းထွက်ပစ္စည်း

မင်းမရှိရင်
ငါ့အတွက် ၊ဘာမှမရှိတော့ဘူး။
အမောဖောက်ခဲ့တဲ့ ၊
အောင့်သက်သက် နေ့ရက်တွေမှာ ..
မင်းသာ..
ငါ့ရဲ့ အသက်ရှုရာ။
ကြကမ်းတမ်းခဲ့တဲ့
ခက်ထန်စရာ ရာသီဆိုးထဲမှာ
မင်းသာ ..
ငါ့ရဲ့ လဲလျောင်းရာ ။

လှိုင်းထန်ခဲ့တဲ့
ထိတ်လန့်စရာ မုန်တိုင်းများကြားမှာ ..
မင်းသာ ..
ငါ့ရဲ့ ကယ်တင်ရာ ။

မွန်းကျပ်ခဲ့တဲ့
ရင်နင့်စရာ နေ့ညများစွာမှာ ..
မင်းသာ ..
ငါ့ရဲ့ .. ရင်ဖွင့်ရာ ။

မင်းမရှိရင် .. အသက်ရှုမဝဘူး
မင်းမရှိရင် ..လဲလျောင်းရာ
နေရာမရှိဘူး
မင်းမရှိရင် .. ကယ်တင်မယ့်သူ မရှိဘူး
မင်းမရှိရင် ..စကားပြောဖော်မရှိဘူး
မင်းမရှိရင်
ငါ့မှာ ..
ဘာမှ မရှိတော့ဘူး ။



မှော်မင်းသမီး (၁)

ကခုန်ဖို့
ဂီတ ..မလိုဘူး
ရယ်မောသံစဉ်ကြား
ဆံပင်ဖားလျား ချထားရုံနဲ့
ပုံပြင်ထဲက နတ်သမီးလို
ညကို ...
ချိုမြိန်စေခဲ့ပြီ။

မိွန္ပ်ပ်
ဘဝ.. မီးအလင်းရောင်
ငါ့ကို
မမြင်ချင်ယောင်ဆောင်ထားပါ။

ကြားနေသံ
ဂီတ။
ငါ..မကချင်ဘူး။
သူ့ရဲ့
အာရုံ..အညွန့်အဖူးထဲမှာ
ငါ့စိတ်ဝိညာဉ်
မြှုပ်နှံလိုက်ပြီ။

သူနဲ့
စုံတွဲက..ဖို့
ခဏလောက်
မီးတွေ မှိတ်လိုက်ပါ။

မောင်လှမျိုး



ကျားကွက်

ကောင်မလေး
တချို့က၊
ဦးလေးကြီးတွေကို
ပြုံးပြတယ်။

ဦးလေးကြီးများက
အဲ့ဒိ အပြုံးတွေကို
အရက်ခွက်ထဲ
ရောထည့်မွှေနှောက်
မူးအောင်သောက်တယ်။

ဘာမှ..
အလကားမရဘူးဆိုတာ
သိထားလျက်နဲ့
စစ်တုရင် ကစားကြတယ်။

ကျွန်တော်...
အရက်မသောက်ဘဲ
အံဖတ်ဆို့တယ်..။ ။



မိုးဦး

စွန့်ခွါသွားတဲ့
သစ်ကိုင်းထက်ကို
ငှက်ကလေး ပြန်လာတယ် ။

နွေသစ်ကိုင်းမှာ
အလွမ်းရွက်ခြောက်တွေ
မဝေချင်တော့ဘူး ။

သူ့ကိုတွေ့မှ
ပုရစ်ဖူးတွေ
ဝေတော့တယ် ။

မောင်လှမျိုး



မြို့ပြမြိုင်ထ နှစ်ပါးခွင်

တစ်ခန်းရပ်
ပြဇာတ်ဆိုရင်လည်း ..
ပြည်ဖုံးကားသာ
ချလိုက်ချင်ပါတော့တယ် ။

ဘ၀ ဆိုတာကလည်း
သူ့အကန့်နဲ့ .. သူ
ခွေးသွားစိပ်တွေနဲ့
လည်ပတ်နေသလိုမျိုး
နှာစေး .. ချောင်းဆိုးဖို့တောင်
အချိန်မရတော့
ခက်တယ် ။

ချစ်သူ ဆိုတာကလည်း
သူ့အကြောင်းနဲ့ .. သူ

အိပ်မက်တွေ ထဲ
မျက်ဖြူလန်နေသလိုမျိုး
( စီးပွားရေးတိုးရှာနေရလို့ )
ချိန်းတွေ့ ခိုးနမ်းဖို့တောင်
အချိန်မပေးနိုင်တော့
ခက်တယ် ။

လောက ဆိုတာကလည်း
သူ့လှည့်ကွက်နဲ့ .. သူ
မာယာ အပေါင်းနဲ့
ခညောင်းနေသလိုမျိုး
(တန်ဖိုးများလွန်းတဲ့
ဇိမ်ခံကားကြီးတွေနဲ့ )
လက်ယပ်ခေါ်ကမ်းလှမ်း ဖို့ရာ
အသပြာမရှိတော့

ရှက်တယ် .. ။



လွမ်းတဲ့လမ်း

လွမ်းတဲ့လမ်းမှာ
ပန်းလည်း မပွင့်
ရင်နင့်စရာ..။

လွမ်းတဲ့လမ်းမှာ
ရွက်သစ်မဝေ
ရွက်ခြောက်တွေဝဲ
ကြေကွဲစရာ ..။

လွမ်းတဲ့လမ်းမှာ
စမ်းလည်းမစီး
ဝမ်းနည်းကြီးမား
သီးခြားကမ္ဘာ..။

လွမ်းတဲ့လမ်းမှာ
ချစ်သူမတွေ့
မပျော်မွေ့ဘူး.. ။
ရင်မှာစူးလျက် ရူးချင်စရာ .. ။

လွမ်းတဲ့
လမ်းမှာ ........
................. ။ ။



ကြိုးမိန့်


အသည်းမာတယ်ထင်လို့
ရင်ခွင်ကို
အမုန်း နဲ့ ထိုးဆွလိုက်မိတာ
နာကျင်စရာ
သူ့မျက်နှာလေး
ပြုံးနေပြန်သေးတယ်

မုန်းလို့မရဘူးဆိုမှတော့
ဘ၀ရဲ့ ကြိုးဝိုင်းအတွင်းမှာ
မင်းတယောက်တည်းသာ
ငါ့ကို ..........
အလဲ ထိုးလိုက်ပါ

မရုန်းတော့ဘူး
အမုန်းပျော့ပျော့လေးရဲ့
ရိုက်ချက်နဲ့တင်
ကမ္ဘာပျက်မတတ်
ခံစားရတဲ့သူပါ

ချစ်တယ် .. လို့
ပြောပြီးပြီပဲ
မင်းလုပ်သမျှ
ကျေနပ်တယ်

ကြိုးတချောင်း
ငြိတွယ်နေမိမှတော့ ..
မင်း .. ဆွဲရာ
က ဖို့ ..
ဘ၀ကို အမိန့်ပေးလိုက်ပြီ

မောင်လှမျိုး



အယူခံလွှာ

လမ်းခွဲစကား
ဝမ်းနည်းခါးသက်
ဓားထက်ထက် .. ခွဲ
မကြားရက်လည်း
ကြားခဲ့ပြီ ။

လမ်းခွဲသတင်း
ဝမ်းနည်းခြင်းဖြစ်
မြားနှင့်ပစ်ခွင်း
ရင်တွင်းပြိုကွဲ
မကြားရဲလည်း
ကြားခဲ့ပြီ ။

ခွဲရက်သူက
ကွဲအက်ပျက်သုန်း ၊ မုန်းဖို့ကြေညာ
မနေသာဘူး
အချစ်ဦးရယ် ။

ရူးရူးမိုက်မိုက်
စူးစိုက်သည့် .. ဓား၊ ခွင်းသည့်မြားကို
သနားငဲ့ညှာ ၊ စာနာကိုယ်သိ
ငိုသည့်မျက်ဝန်း ၊ အံကိုတင်းကာ
ချက်ချင်း အမြန် နှုတ်ပေးပါ .. ။ ။





ငြိမ်းချမ်းရေး ကြေငြာစာတမ်း


ရန်ဖြစ်ပြီးမှ
ပြန်ချစ်ကြတာ
သဘာဝ ပါကွယ်။


စစ်ဖြစ်နေတဲ့ ကာလ
အချစ်မျက်ရည်တွေ
အခါခါကျတော့ ..
ရင်ထဲက
တသသ နာလွန်းတယ်။


အခွဲနိုင်မှန်း သိလျက်နဲ့
စကားနိုင်လု ၊
သ၀န်တိုမှုတွေ
တဖြည်းဖြည်းစု


စိုးရိမ်ပူပန်မှုတွေ က....
မြင့်သထက်မြင့်
ရန်ဖြစ်တဲ့ အဆင့်ကို
မာန်ဝံ့ပြီး တက်ခဲ့ကြတာ
ဘယ်သူမှားသလဲ ကွယ် ။


အချစ်ရယ်..
ရန်မဖြစ်ကြေး
ပြန်စစ်ဆေးကြမယ်ဆိုရင် ..
နင်လည်း .. နာ ၊ ငါလည်း ..နာ
နင်လည်းလွမ်း .. ငါလည်း လွမ်း
နင်လည်း .. ငို၊ ငါလည်း..ငို
ကမ္ဘာပြိုမတတ်ပါဘဲကွယ်။


ချစ်သူ အချင်းချင်း
တိုက်တဲ့စစ်
မုန်းလို့မှ မဖြစ်ဘဲ ။


မုန်းမေ့လို့ မရကြမယ့် အတူတူ
( စစ်မဖြစ်ကြေး )
ဟော့ဒီ အချစ်လက်ရေးနဲ့
( ငြိမ်းချမ်းရေး သ၀ဏ်လွှာလေး)
နင့်ကို .. ပေးလိုက်ပါရစေ။


နေ့လည်း.. လွမ်း ၊ ညလည်း ..လွမ်း
မျက်ရည်တစမ်းစမ်း နဲ့
ရန်ဖြစ်ပြီးမှ ၊ ပြန်နမ်းမိတဲ့ .. အနမ်း
ငါ့ရင်ထဲ
ပိုလွမ်းသွားရပြန်ပြီကွယ် ။


မောင်လှမျိုး
 ဒဿဂီရိ

မင်းမှာ
တယ်လီဖုန်း ( ၁၀ ) လုံး
ရှိတယ် ဆိုပါတော့။
အဲ့ဒိ တယ်လီဖုန်းတွေ ထဲက
မင်း .. နားထောင်ရမယ့်
အသံဆိုလို့
ကိုယ့်တစ်ယောက်တည်းရဲ့ အသံပဲ
ုဖြစ်ပါစေလား ။

မင်းမှာ ..
သံယောဇဉ် ( ၁၀ ) ခု
ရှိတယ် ဆိုပါတော့ ..။
အဲ့ဒိ သံယောဇဉ် တွေက
မင်း .. အတွယ်တာသင့်ဆုံး
သံယောဇဉ်ဆိုလို့
ကိုယ့်တစ်ယောက်တည်းရဲ့ သံယောဇဉ်ပဲ
ဖြစ်ပါစေလား။

မင်းမှာ ..
ဒဿဂီရိလို
ဦးခေါင်း ( ၁၀ )လုံး
ရှိတယ်ဆိုပါတော့ ...။
( အဲ့ဒိလောက်များပြားတဲ့ )
မျက်နှာတွေထဲက
မင်းရဲ့ ...
ချစ်တတ်တဲ့ အသည်းနှလုံးဟာ
(ကိုယ့်တစ်ယောက်တည်း အတွက်)
( ၁ ) ခုတည်းပဲ ဖြစ်ပါစေသား။



အနီးကပ်နွေ

နာမှာစိုးလို့
အငြှိုးမထား
ရိုးသားစွာ ရိုက်
အသည်းခိုက်စေ ..။

မုန်းမှာစိုးလို့
အရှူံးမမြင်
ပြုံးရွှင် ..ရင်ပျိုး
မျှော်ကိုးထိုက်စေ ..။

ဝေးမှာစိုးလို့
အတွေးမရဲ
ရင်ထဲစိုးထိတ်
အအိပ်ခက်နေ။

လွမ်းမှာစိုးလို့
စက္ကန့်မလပ်
ထပ်ချပ်မခွာ
သူ့ခြေရာ .. နင်း၊ မြတ်နိုးခြင်းအား
သူ ..စိတ်မနာ၊ သူ..မြင်သာဖို့
အကြင်နာ..နွေ၊ ခင်တွယ်စေချင်
သည်ဖြစ်အင်တွေ ..
သခင့်ရင် ထဲမြဲပါစေ .. ။ ။



 ရေသေ

မင်းဟာ .. ငါ့ရဲ့ .. ဂီတ
ငါ့ရဲ့ ..သီချင်း
ငါ့ရဲ့ အလင်္ကာ ။

မင်းသာ ..
ငါ့ရဲ့ .. အကြင်နာ။

မင်းဟာ ငါ့ရဲ့ .. မနက်ခင်း
ငါ့ရဲ့ ..လမင်း
ငါ့ရဲ့ .. ကောင်းကင်

မင်းသာ ..
ငါ့ရဲ့ ဘဝ
ငါ့ရဲ့ ... အနာဂတ်
ငါ့ရဲ့ ..နှောင်ကြိုး။

ငါကတော့ ..
မင်းကူးခတ်ရာ ရေပြင်ကျယ် .. ။





ဝရန်တာ

သူနဲ့ ကျွန်တော်
ဝရန်တာပေါ်ကနေ
လက်ပြ နှုတ်ဆက်
လွမ်းတဲ့ .. မနက်တိုင်း
( တယောက်နဲ့ တယောက်)
ငေးကြည့်ကြတယ် ။

သူ့ကို ..
( သူ့ရဲ့ ၀ရန်တာလေးမှာ)
တွေ့ရတဲ့အခါ ..
အဲ့ဒိမနက်ခင်း
ငှက်ကလေးတွေ သီချင်းဆိုကြတယ် ။

သူ့ကို
မတွေ့ရတဲ့အခါ ..
အဲ့ဒိ မနက်ခင်းမှာ
(ကျွန်တော် ရပ်နေတဲ့ )
ဝရန်တာကြီး ပြိုသွားတယ် ။

ငှက်ကလေးတွေလည်း
ထွက်ပြေးသွားကြတယ် ။

မောင်လှမျိုး  



စတော့ဈေးကွက်

ချစ်ခွင့်မပိုင်
ခွေယိုင်မကျ၊
ဘ၀ .. မာန်တင်း
မျှော်လင့်ခြင်းများ
ကျန်နေသားကွယ် ။

ချစ်သူပစ်ခွါ
ရင်နင့်နာလည်း၊
မာယာရေကြော
မလွင့်မျောဘူး ။

တောအထပ်ထပ် ၊ တောင်အသွယ်သွယ်
နွယ်အခွေခွေ ၊ ရှုပ်ထွေးနေလည်း ..
မကြေမကွဲ ၊ နေရဲကြသည် ။

ရင်ခွင်ကိုခွဲ
အသည်းကို .. ထုတ်
အလုပ်လုပ် ဖို့
စက်ရုပ်လေးတွေ များလာပြီ ။ ။



 အမုန်းအောက် ရောင်ခြည်

ချစ်သူ ... ပြုံးပြလိုက်ရုံနဲ့
ကိုယ့်ရင်ခွင် တစ်ခုလုံး
ငြိမ်းအေး သွားရတယ် ။

( ဘယ်လောက်အထိ လဲ . .ဆိုရင် )
ချစ်သူ့ အပြုံးကြောင့်
ကမ္ဘာတစ်ခွင်လုံး
ပန်းပွင့်လေးတွေ
ဖုံးလွှမ်းသွားသလိုပါပဲ ။

ချစ်သူ့မျက်နှာ
တင်းမာနေတဲ့ အခါ ..
ကိုယ့်စိတ်တစ်ခုလုံး
လေးလံ ထိုင်းမှိုင်း
မျက်လုံးလှိုင်း တွေ
ရိုက်ခတ်စေတယ် ။

( ဘယ်လောက်အထိလဲ .. ဆိုရင် )
ချစ်သူမပြုံး
ထို .. အမုန်းကြောင့်
လောက တစ်ခွင်လုံး
အလင်းရောင် တွေ ..
ဆိတ်သုဉ်း သွားရပါလိမ့်မယ် ။ ။



သံရောဇဉ် သင်္ကေတ

လမ်းအခွဲမှာ
ဝမ်းနည်းစွာ .. နမ်း၊
နှုတ်ဆက်လှမ်းခက်
လွမ်းရေးခက်သည် ..။

လွမ်းရေးခက်လည်း
ရင်ခွင်အက်နာ
အကြင်နာကင်း
မာန်တလင်းကြောင့်
နှုတ်ဆက်သီချင်း ဆိုခဲ့ပြီ ။

နှုတ်ဆက်လက်ပြ
သက်တမျှ ..သူ
မြတ်နိုးအငွေ့
မခြောက်သွေ့သေး
သည် အတွေးကြောင့်
အပြေးဖတ်လျက်
ငိုမိသည် ........။



 ရန်သူတော်များ စာရင်း

မင်းကို
ချစ်မိတဲ့ နေ့က စပြီး
အရာရာကို မနာလိုတော့ဘူး ။

ဆံပင်တွေကို
ခိုးခိုးနမ်းသွားတဲ့ .. လေပြည်
ပါးပြင်ပေါ်
တိုးတိုးကပ်သွားတဲ့ .. နေခြည်၊
မင်းမျက်နှာကို
မော့မော့ကြည့် နေကြတဲ့ .. ပန်းပွင့်တွေ
အားလုံးကို မနာလိုတော့ဘူး ။

မင်းကို ..
ချစ်မိတဲ့ နေ့ကစပြီး ....
ရန်သူတွေ ပိုများလာပြီ ။

မင်းကို .. ငေးကြည့်တဲ့ကောင်
မင်းကို .. စကားလာပြောတဲ့ ကောင်
မင်းကို .. ကမ်းလှမ်းတဲ့ကောင်
မင်းကို .. နောက်ပြောင်တဲ့ ကောင်
အားလုံးကို
ငါ .. မကျေနပ်ဘူး ။

ဒီလိုနဲ့ပဲ
အားလုံးဟာ .. ငါ့ရန်သူ ။

ငါဟာ ..
အားလုံးရဲ့
ရန်သူတစ်ယောက်
ဖြစ်သွားရတော့တယ် .. ။



အချစ်သုတေသန

နေမ၀င် အင်ပါယာကြီး
တစ်ခုအပေါ် ....
အချစ်ငှက်တစကောင်း
အတောင်ပံ ဖြန့်ပြီး
အုပ်မိုးလိုက်တဲ့အခါ ..
အဲ့ဒိ ..
နေမ၀င်အင်ပါယာ တစ်ခုလုံး
နေရောင်ခြည်
ဆိတ်သုဉ်းသွားလိမ့်မယ် ။
( အချစ်ဟာ..
တန်ခိုးရှင် ) ။

အချစ်ဟာ
အတောင်ပံ ဖြန့်ကားပြီး
ကမ္ဘာတစ်ခွင်လုံးကို
သိမ်းပိုက်ထားတတ်ပါသေးတယ် ။
( အချစ်ဟာ ..
စွမ်းအားရှင် )

အချစ်ကို ... တားလို့မရ
အချစ်ကို .. ပိတ်ပင်လို့မရ
အချစ်ကို ... ဆုပ်ကိုင်လို့မရ
အချစ်ဟာ
ရုန်းထနေတဲ့ ( သူရဲကောင်း )
မြူကြွနေတဲ့
( အောင်လံတော် ) ။

အချစ်ဟာ..
စကြ၀ဠာ တစ်ခွင်လုံးရဲ့
ရင်နစ်သည်းချာ ..
ပင်လယ်ပြာပြာတို့ရဲ့
မိုးကုတ်စက်ဝိုင်း ..
ချစ်သူတို့ရဲ့
မဟာတံတိုင်း ..။
သံယောဇဉ်တို့ရဲ့
အကိုင်းအခက်
အသီး အပွင့်
အငုံအဖူး
( နှလုံးသားအားလုံးရဲ့
တမန်တော် ) ။

ဒီလိုပါပဲ
ငိုရှိုက်ခဲ့ကြရတဲ့
မျက်ရည်တွေ
ကြေမွခဲ့ကြရတဲ့
အသည်းနှလုံးတွေ အတွက်တော့
အချစ်ဟာ ..
(အပြစ်အရှိဆုံး တရားခံ)။ ။

မောင်လှမျိုး



နမ်းခွင့်ပေးတဲ့ နေ့

အချစ်ဟာ
ညစ်ညမ်းသလားဟင် ။

ဘ၀ဆိုတာ
အချိန်တွေနဲ့ တည်ဆောက်ထားတာဆိုရင်
အဲ့ဒီ အချိန်တွေ အကုန်လုံးမှာ
ခန္ဓာကိုယ် တစ်ခုလုံး ပုံပေးထားချင်တယ်။

မှန်ရာကို ပြောပါရစေ ..
အချစ်ဟာ .. ညစ်ညမ်းမှု မဟုတ်ဘူး
ဒါပေမယ့်
သန့်ပြန့် ဖြူစင်တဲ့ ပန်းတစ်ပွင့်ကို
ကြည့်မြင်မြတ်နိုးနေလျက်က
တပ်မက်မှုတွေ
ဖြစ်စေခဲ့ပြီ ။

ဒါပေမဲ့
မွှေးကြူမိတဲ့ ..ပန်း
လန်းဆန်းမြဲသာ လန်းဆန်းပါစေကွယ် ။



 ဓါတ်ပုံပေးတဲ့ နေ့

လိုချင်တဲ့ အရာ တစ်ခုကို
ရရှိလိုက်တဲ့ အတွက်
ဘ၀ရဲ့
သေတပန် သက်တစ်ဆုံး လက်ဆောင်အဖြစ်
ထာဝရ သိမ်းထားမယ် ။

ဓါတ်ပုံထဲမှာ
ပြုံးပြနေတာ ကိုလည်း ...
ကျေးဇူးတင်ပါတယ် ။



 ကတ္တီပါ ဖိနပ်စီးတဲ့ ... နေ့

အရမ်းပျော်တယ် ။

ဘ၀ တစ်ခုလုံးကို
ပခုံးနဲ့ ထမ်းခွင့်ရလိုက်သလိုမျိုး ၊
ဖိနပ်အဖြစ် အစီးခံခွင့်ရတာကို
ကျေနပ်တယ် ။

ဘာကိုမှ
ကိုယ်စားပြု မလွမ်းမောတတ်ရင်
နေပါ။

စီးထားတဲ့ ဖိနပ်လေးကို
ကျွန်တော် .. လို့
သတ်မှတ်ပစ်လိုက်ပါ ။

အနူးညံ့ဆုံး ခြေဖ၀ါးလေးကို
အနီးကပ်ဆုံး ထမ်းခွင့်ရလို့
အရမ်းပျော်တယ်
ဒါပေမယ့် ...
ဖွဖွ နင်းပါ .. ။ ။



 ဧရာဝတီနှင့် မထိုက်တန်တဲ့ ...သူ

အချိန်နဲ့အမျှ
အလုပ်လုပ်နေကြတဲ့ .. ခေတ်မှာ၊
ဒေါသ သေးသေးလေးတွေနဲ့
အချိန်ဖြုန်းပြီး ၊
ပြုံးရင်း .. နွဲ့ဆိုး ၊ အမျိုးမျိုး နဲ့
အချိန်တွေကို ခိုးယူနေရင် ...
ငါ့ချစ်သူ .. မင်း , မဟုတ်ဘူး ။

ဘ၀ကို
လှပအောင် , ကြိုးစားနေကြရတဲ့ .. ခေတ်မှာ ၊
ချစ်တာ တစ်ခုတည်းနဲ့
( ငါ့ဘ၀ရဲ့ , အရာရာကို သိမ်းပိုက်ဖို့ )
အလှအပ , ဘန်းပြပြီး ..မြှုဆွယ်နေမယ်ဆိုရင် ..
ငါ့ချစ်သူ .. မင်းမဟုတ်ဘူး ။

ဘ၀တူ လူအချင်းချင်း
ငွေကို လမ်းခင်းပြီး
မာနတံခွန် လွှင့်ထူ
အသပြာနဲ့ အရာရာကို မင်းမူဖို့
ကြိုးပမ်းနေမယ်ဆိုရင် ..
ငါ့ချစ်သူ .. မင်း . မဟုတ်ဘူး ။

တစ်ပြည်ရွာမှာ
အနေကြာခဲ့သူမို့ ၊
တို့ရဲ ပြည်မြန်မာက ,
ဧရာဝတီကို မမြတ်နိုးတတ်သေးရင်လည်း ....
ငါ့ချစ်သူ .. မင်း , မဟုတ်ဘူး ... ။ ။



 ထားခဲ့ပါ

မချစ်လို့ ... သွား
အပြစ်ဖို့ စကား
မပြောကြားပါ။

အိပ်မရလည်း
စိတ်မချစကား
မပြောကြားပါ။

မကြင်လို့ .. ပစ်
ရင်ဆို့နစ်မွန်း
အလွမ်းကျွန်းမှာ ..
နွမ်းနယ်တမ်းတ
ဘ၀နွေဆိုး ၊ အိပ်မက်မျိုးထဲ
နေရဲပါတယ် ။

မနေရဲလည်း
ကြေကွဲ ခွဲခွါ ၊ ရင်ခွင်နာနင့်
ရဲရဲရင့်ရင့် စွန့်ခဲ့ပါ ။

ပြန်တော့မလား
မာန်လျှော့အားငယ်
ညဥ့်နက်နယ်ထဲ ၊ အမှောင်ထဲမှာ ...၊
တစ်ယောက်တည်းသာ ၊ နေ၀ံ့ပါတယ်
မညှာတာရင်
ထားခဲ့ပါ .... ။ ။



 ဈေးပွဲတော်


ကိုယ့်ပေါင်ကိုယ်
လှန်ထောင်းရဲတဲ့
သတ္တိလောက်တော့
ကိုယ့်မှာ ရှိပါတယ် ။


ကိုယ့်ရင်ကို .. ကိုခွဲရဲတဲ့
သတ္တိမျိုးတော့
ချစ်သူ .. နိုးထ , မှ
နိုးကြွပါရစေ။


" အချစ်ကို
ဦးခေါင်းပေါ် တင်ထားရုံနဲ့ ၊
ဘ၀ နှစ်ခု
ရင်ကြားစေ့လို့ မရဘူး " .. လို့
မင်း .... ဆိုရက်ပြီလား ။


နှစ်ယောက်စလုံး
အချစ် နဲ့ အိပ်မောကျခဲ့ကြတာပါ။


ငွေစက္ကူနဲ့ ယပ်ခတ်ပြီး
ဘယ်သူ လှန့်နှိုးလိုက်တာလဲ ။


ချစ်သူတစ်ရေးနိုးတဲ့အခါ
ကလေး ဆိုးတစ်ယောက်လို
ဗိုက်ဆာတယ် .. လို့ ပြောပြီး
အော်ငိုလိုက်မှာ ..
ကိုယ် .. စိုးတယ် ။


ကိုယ့်ရင်ကို .. ကိုယ်ခွဲတဲ့ အနေနဲ့
အချစ်ကို .. ခေါင်းအုံးပြီး
ကိုယ် .. ပြန်အိပ်လိုက်ပါဦးမယ် ။


အိပ်ရာနိုးတဲ့အခါ
ချစ်သူ အနားမှာ မရှိတော့ဘူး ။


အချစ်ကို
ဦးခေါင်းပေါ်တင် မထားဘဲ ၊
လေလံတင် ရောင်းချဖို့
ဦးခေါင်းက ဆံမြိတ်တွေ
ဖြည်ချ ပစ်လိုက်ပြီ ထင်ပါရဲ့ ။ ။


မောင်လှမျိုး


 ဇာတ်ဝင်စကားလုံး

ရင်နာလို့ မဆုံးဘူး
မကြင်နာလို့ မုန်းခဲ့တာမှ မဟုတ်ဘဲ ။

အခြေအနေ မျဉ်းကြောင်းကြီးကလည်း
တိမ်း .. စောင်း .. ပြို .. ကျ
ငိုပြလို့ လည်း .. မရ ။

ဘ၀ ဇာတ်ဆရာဆိုတာ
ဘယ်သူလဲ ?
အူထဲ အသည်းထဲမှာ
သံမှိုစွဲ သွားအောင်
အက်ကွဲ ကြောင်း .. တစ်ထောင်
အမှောင်ပေါင်း .. တစ်သိန်း
စိမ်းကားမှု .. အသေင်္ချ ၊

ရင်ခွင်တွေ ကြေကွဲမတတ်
ခွဲခြွေချခဲ့တဲ့ ၊
ဟော့ဒိ ပြဇာတ်ကို ၊
ငိုတတ်ရုံတစ်ခုတည်း ...
လွမ်းတတ်ရုံ တစ်ခုတည်း နဲ့တော့
မကပါရစေနဲ့ တော့ဗျာ ။

အညှာအတာကင်း
သာယာခြင်း အလျဉ်းမရှိရလောက်အောင်
အယောင်ဆောင် မျိုချထားရတဲ့ ၊
ဟော့ဒီ ရင်ဘတ်ကြားမှာ ...

ထင်မှတ်ထားတာထက် .. ဆိုးတဲ့
ဝေဒနာတွေ .. ၊
ပြောရာပြေကြောင်း
" စကားလုံးကောင်းကောင်း တစ်ခွန်းလောက် "
မျက်ရည်တစ်ပေါက်မှ မကျဘဲ
ပြောခွင့်ရမယ်ဆိုရင် ၊
ဟော့ဒီဇာတ်ထဲမှာပဲ
( ဇာတ်ခေါင်း မကွဲမချင်း )
ရဲရဲတင်းတင်း နဲ့ သာ
သီချင်းဆိုပြီး က လိုက်ချင်တော့တယ် ... ။ ။

မောင်လှမျိုး



 သောက်ရေခွက်ပေါ်က နှုတ်ခမ်းရာများ

တစ်ယောက်ပြီး တစ်ယောက်
ခပ်သောက်ခဲ့တဲ့
သောက်ရေခွက်လေးတစ်ခွက်။

နောက်ဆုံးလူနရဲ့ လက်ထဲ
မရဲတရဲ ခိုနားခဲ့ပေါ့။

ခွက်အနားပေါ်မှာ တင်ရှိ
ကြည့်မြင်လို့ မရတဲ့ နှုတ်ခမ်းရာတွေ

ဗလပွေရစ်
အချစ်မဟုတ်တော့ဘူး။

ဒါပေမဲ့
မင်းဟာ ... ကိုယ့်ရဲ့ အချစ်ဦးပါ။



 ရင်ကွဲနာ

တကယ်တမ်းကျတော့
တစ်ယောက်တည်း လွမ်းနေရတာ
ကိုယ်ပါပဲ ...ခင် ။

တစ်နေ့မမြင် တစ်နေ့ မတွေ့လျှင်ဖြင့်
မေ့ပင်ပဲ ခင်စိုက်လေမလား ။
မေ့စိတ်တွေ ခင်မွေးပြီလား .... လို့
အားငယ်ကာ တစ်ကိုယ်တည်းတွေး
ပူဆွေးတာလည်း ... ထာဝစဉ် ။

လာချင်လျှင် ... ခင်လာ
မလာချင်လျှင် ... ခင်သွား ၊
ခင်သနားစရာ .. မောင်ဖြစ်
နှောင်ရစ်ကာ တွယ်ငင်ကြိုးတွေနဲ့
မြတ်နိုးတာ ခင်အသိပါပဲ ။

ရင်မချိအောင် ပူလောင်ကျွမ်းတတ်သူမို့
ခင်မသိယောက်ဆောင် မနေပါနဲ့
လှောင်ပြောင်နေ ခင့်အပြုံးတွေက
မာန်ဝင့်ကာ တမင်လှည့်လေတော့
ငဲ့မလို မျက်နှာချိုသွေးသူ မောင့်မှာ

စောင့်မျှော်ကာ ခေါ်နေမိပေမယ့်
ပဟေဠိတွေ အထပ်ထပ်ပေးတာကြောင့်
( ခင်ရယ် ) ...
ကြေသည့်ရင်ကွဲ ... ။ ။



 အကြင်နာရွှေလက်

ရင်မှာမွန်းကျပ်
အလွမ်းထပ်ဆင့် စွဲနင့်ခံစား
အဖြေနိုင်အားမဲ့ သူ .. သိလှည့်စေ။

ရင်မှာလေးလံ
ဝေးရန်ကြိုသိ ၊ ငိုသည့်မျက်ဝန်း
မျက်ရည်ရွှန်းစို ၊ ကန္တာလိုပြင်း
ချစ်ခြင်းရဲ့ .. ဒဏ် ၊ ရင်စည်းခံခဲ့ ။

ရင်ပေါ့စေရန်
နှင်တော့ပြန်လှည့် ၊ တစ်စက်မျက်ရည်
သက်သေမဖြစ်
ချစ်ခြင်းစကား ၊ ဖွင့်ဟနားဆင်
မကြားချင်လည်း ...
အားအင်နည်းစွာ ဆိုမိပါသည် ။

ဆိုသည့်စကား
နှလုံးသားမှာ ၊ တင်းအားပြတ်တောက်
ပေါက်ခနဲကျ ၊ သွေးတစ်စဖြစ်
အချစ်သိစေ ၊
ချစ်မိ .. ကြွေရွက်
မြေသို့သက်လည်း
( အခုတော့ )
ရွှေလက်မျက်နှာ လွှဲပြီကော .... ။ ။



 မငိုနဲ့နော်

မငိုနဲ့လေ ..
လိုတဲ့အရာ ၊ ပျိုနွဲ့ကာပြော
ကိုယ် ... မမောပန်း ၊ ဟိုး .. တောတန်းမှာ
တောပန်းလေးတွေ ၊ ပွင့်လို့နေတယ်
သခင်ပန်းဖို့ ခူးပေးမယ် ။

မငိုနဲ့ကွယ်
ကိုယ်နဲ့ဝေးဝေး ၊ မဝေးဝေးပေါ့
ချိုနွဲ့ကာပြုံး ၊နှလုံးသားချင်း
မကင်းမလွတ် ၊ မညွတ်မပြောင်း
နှစ်ပေါင်းများစွာ ၊ တည်နေမှာဆို ။

မငိုနဲ့နော် ...
လွမ်းခဲ့လျှင်လည်း ၊ ပျော်ပျော်ပဲပေါ့
ဆွေးခဲ့လျှင်လည်း ၊ ပျော်ပျော်ပဲ ပေါ့
ဝေးခဲ့လျှင်လည်း ၊ ပျော်ပျော်ပဲ ပေါ့ ။

နှစ်ဦးရင်ထဲ
အသည်းနှစ်ခု ၊ ဖလှယ်မှုကို
မျက်ရည်ဥတို့ ၊ မဖုံးကြေး။

မငိုနဲ့နော် ... ။ ။။



လက်များ၏ အတ္ထုပ္ပတ္တိ

အဲဒီလက်များနဲ့
ရှက်အားပိုစွာ ၊ ဟိုတစ်ခါက
ညိုပြာညက်စင် ၊ မျက်နှာပြင်ကို
သခင် ကွယ်ဝှက်ခဲ့ဖူးတယ် ။

အဲ့ဒီလက်များနဲ့
ယှက်ဖြာတွယ်ချိတ် ၊ တိတ်တိတ်ဖေးမ
ဝေးကြမှာစိုး ၊ အဖြစ်မျိုးနဲ့
ချစ်မိုး ဆက်လက် ရွာဖူးတယ် ။

အဲ့ဒီလက်များ နဲ့
အင်အားစုသစ် ၊ နုမျစ်အပြုံး
ချစ်ထုံးဖွဲ့တတ် ၊ ကဗျာစပ်ပြီး
အနာဂတ်ကို ရေးဖူးတယ် ။

အဲ့ဒီလက်များက
နာရီရထား ၊ ရွေ့လျားရင့်မာ
ကာလကြာတော့ ...
တမာသစ်သစ် ၊ အက်ဆစ်တစ်ဝက်
ခါးသက်လှိုက်စား ၊ နှိပ်စက်သွားလို့
အိပ်မက်များမှာ ငိုရတယ် ... ။ ။

မောင်လှမျိုး



 ဆုတောင်း

ပြောပြပေးပါ
သူနဲ့ ဝေးလျှင် ၊ မဆွေးချင်ဘူး
အသည်းနှလုံး
ကျောက်တုံးလေးသာ ဖြစ်ပါတော့ ။

ပြောပြပေးပါ
သူ နှင့် ဝေးလျှင် မငိုချင်ဘူး
ငိုမည့်မျက်ရည်
မိုးခေါင်နေတာ ဖြစ်ပါတော့ ။

ပြောပြပေးပါ
သူက မုန်းလျှင် ၊ မရှူံးချင်ဘူး
ချစ်သူ့ မျက်လုံး
ပြုံးနေခြင်းပါ ဖြစ်ပါတော့ ။

ပြောပြပေးပါ
သူထားခဲ့လျှင် ၊ မကျန်ရစ်ချင်ဘူး
ကျန်ရစ်သမျှ ၊ မစိုးမထိတ်
ရင်စိတ်မပူ
အိပ်ပျော်သူသာ ဖြစ်ပါတော့ ။

ပြောပြပေးပါ
သူညာလှည့်စား ၊ မာယာများလည်း
ခွဲခွဲခွာခွာ ၊ မနေပါဘူး ။

ဝေဒနာမြား
ရင်မှာစူးစိုက် ၊ ဦးညွတ်ခိုက်လို့
ရူးမိုက်သူသာ ဖြစ်လိုတယ် ။ ။

မောင်လှမျိုး



 ရတနာ ဆူး

မင်းနဲ့ ငါ့ကြား
အလွမ်းများ ဖန်ဆင်းသွားတာ
ဘယ်သူလဲကွယ် ။
ပြုစားနှိပ်စက်
အိပ်ပျက်ညဆိုး
ိမိုးကောင်းကင်မှာ နှင်းများရွာကျ
မင်း ...
အနားမှာ မရှိတဲ့ ဘ၀ ။

အသိကင်းလွတ် ၊ သတိတိမ်းပါး
စိမ်းကားဒဏ်ရာ
ကံကြမ္မာရက်စက်
နှင်းတို့ဟာ မျက်ရည်စက်ပေါ့ ။

မင်းနဲ့ငါ့အကြား
ခွဲခွာခြင်းတွေ ၊ ထားရစ်ခဲ့တာ
ဘယ်သူပါလဲကွယ် ။

အသည်းနာကျင် ၊ ကမ္ဘာအပြင်ဘက်
သခင်ထွက်ခွာ
နှင်ရက်ပါသလား ။

အသက်တည်သရွေ့
မမေ့နိုင်ခြင်း ၊ ဤ၀ဋ်ဆင်းရဲ
သင်းကွဲသည့် ... ဒဏ် ၊ ဟန်မဆောင်နိုင်
ခွေယိုင်လဲကျ ၊ အသည်းဝ .. ဆူး
စူးခဲ့ဖူးပြီ ။

အချစ်ဦးရေ ...
မင်းရဲ့ ညှာတာခြင်းများနဲ့
အဆိပ်သင့်ခြင်း ပြောပါရစေ ။ ။



နှောင်တွယ်အားကိုး

အချစ်တစ်ခု
ခြေရာပြုသစ်
နုမျစ်အစဉ်
သံယောဇဉ်ကို
သခင် .. မြင်တတ်ပါလေစ ။

အနမ်းတစ်ခု
လွမ်းမှု ဖြေသိမ့်
ရင်ထဲစိမ့်အေး
ပန်းပွင့်လေးတွေ
သခင် .. မွှေးမြပါလေစ ။

အလွမ်းတစ်ခု
ကျမ်းပြုမသီ
ရင်ထဲစီတန်း
လွမ်းမြဲ လွမ်းနေ
သခင်မှန်းဆ သိပါစ ။

မခွဲမခွာ
နေလိုပါချင်
သံယောဇဉ်ပြု ၊ နှစ်သိမ့်ဆုကို
သခင် .. စွန့်ကြဲလိုပါစ ။

ချစ်နှောင်ရစ်ပတ်
အချစ်ဓာတ်ပြင်း
ချစ်ခြင်း၏ မြား
စူးဝင်ထားလည်း ၊

အားခဲမရ
ခွေယိုင်ကျလို့
သခင်ကူမ
ထူမှ ထမယ်
တမ်းတတဲ့ ... ညသိပါစ ။ ။



 တစ်သက်မက

တစ်သက်မက ၊ ဘ၀အစဉ်
ခင့်အတွက်သာ ၊ ရင်မှာမားမတ်
မပြတ်တည်ရှိ ၊ မှတ်မိမေ့ခက်
နေ့ရက်များစွာ ၊ ခင်သာပိုင်ဆိုင်
ကြင်နာနိုင်နိုး ၊ မျှော်လင့်ခိုးထိတ်
စိုးစိတ်လက်ကမ်း
စွယ်တော်ပန်းပွင့်၊ ရင်နှင့်ဖြစ်ချင်
အသစ်မြင်လည်း ...
ချစ်ကြင်ဆဲ ... ခင် ၊ ထာဝစဉ်သာ
လာချင်လာခဲ့
မလာချင်လည်း
ညှာချင်ညှာလှည့်
ညာလျှင်လည်း ၊ ကြမ္မာပဲပေါ့
အသည်းကော့ပျံ ၊ ခြောက်ကပ်ကျန်ရှိ
နေ့၏နောက်ဆုံး ၊ ခင်ပျောက်ဆုံးလျှင်
မှောင်သည့် ရင် ...နွမ်း ၊ မြင်ယောင်တမ်းတ
လမ်းစ ဖွေရှာ
နွေတစ်ရာ အတိ ၊ ရင်မချိပေါ့ ..
( ဒါပေမဲ့ .. ခင်ရယ် )
ဝေဒနာ လို့တော့ မထင်မိ ။ ။



ကဗျာ မရေးဖြစ်တဲ့ ည

ကာရန်ပျောက်ဆုံး
တေးသီချင်းတို့ ဆိတ်သုဉ်း
ကျောက်ခဲ တစ်လုံး နစ်မြုပ်သွားတဲ့
ငါ့ နှလုံးသား လှိုင်းဂယက်များကို
မနက်ကျမှ မျက်နှာသစ်တော့မယ် ။

စကြာဝဠာ ဟိုးအဝေး
မင်းထွက်ပြေးသွားသလား ။
ပြီးစလွယ် နမ်းသွားတဲ့
မင်းရဲ့ ပေါ့ပြက်ပြက် အနမ်းကြောင့်
ငါ့ နှုတ်ခမ်းမှာ ...
အလွမ်းတွေ ပေကျံရစ်ပြီ ။
ဒါ .. အချစ်လား ။
သက္ကရာဇ် များစွာ ရဲ့ အစ
ခွဲခွာခြင်း ဟောဒီ ... ည ၊
မင်းရဲ့ ခြေရာလှလှ လေးတွေကို
လိုက်ကောက်ဖို့
မိုက်မဲခြင်း စာမျက်နှာသစ်ကို
ဖွင့်လှစ်ခဲ့ပြီ ။
ရေးလက်စ ကဗျာ တစ်ပုဒ်
ဘာလုပ်တော့မှာလဲ ကွယ် ... ။ ။



စီးပွားရေး စစ်တမ်း

မျက်လုံးတွေ ကုလားဖန်ထိုးလိုက်ရုံနဲ့
ပို့(စ) ကဒ်ထဲက ကဗျာတွေ
အောင်သွယ်တော် ဖြစ်ခဲ့ဖူးတယ် ။

တဖြည်းဖြည်းနဲ့
လွမ်းတတ်လာလိုက်တာ
အသည်းနှလုံး ခမျာ
မျက်ရည်လှောင်ကန်ကြီး တစ်ခုပေါ့ ။

ဘ၀ထဲက ကျောက်စရစ်ခဲ တစ်လုံး
ပင်လယ်ထဲ မြုပ်သွားသလို
ကံကြမ္မာရဲမက်တွေ နဲ့ ၊ ယှဉ်ပြိုင်ဓားရေးပြခဲ့တာ
ကာလတွေ ကြာ ... ကြာ .. ကြာတော့
နှလုံးသား ...
လုံးပါး ပါးခဲ့ပြီ ။

ရည်းစားဟောင်းတွေ နဲ့ တော့
ပြန်တွေ့ပါရဲ့၊
သူတို့လည်း .. အသားတွေမည်းကုန်ပြီ ။

ဘာကြာသေးလို့လဲ
ရည်းစားဦးတောင် ၊ မနေ့ကမှ
သားဦးလေး မွေးသတဲ့ ။

သူ .. ကံကောင်းလိုက်တာ
ကိုယ်နဲ့ လက်မထပ်ဖြစ်ဘူးလေ ...။ ။

မောင်လှမျိုး



 နှစ်ကိုယ်ကြား

ကိုယ် .. တစ်ယောက်တည်းပါ
ဒါပေမဲ့
အနားမှာ မင်းရှိနေတယ် ။

တံတိုင်းခြားတယ်ဆိုတာ
တကယ်ဝေးသွားတာမှ
မဟုတ်ဘဲ ။

တီးတိုးလေး
ပြောကြရအောင်
လမင်းကြီးက တစ်ဆင့်ပေါ့ ။

ကိုယ်တို့ နှစ်ယောက်
တွေ့ဆုံကြတာကို
ဘယ်သူမှ သိမှာ မဟုတ်ဘူး ။

အနည်းဆုံး
အိပ်မက်မှာ ချိန်းဆိုထားမယ်လေ ။ ။



 သံယောဇဉ် ပြေးလမ်း

နေပျော်ရဲ့လား
ရွှေပေါ်မြတင် ၊ သခင့်ခြေဖ၀ါး
ဆူးများထိခတ် ၊ သွေးဆို့တတ်ပြီ ။

ဘ၀ဇာတ်လမ်း ၊ ဇာတ်ပေါင်းခန်းမှာ
နွမ်းနွမ်းနယ်နယ် ၊ တွယ်တာလှေလူး
လှိုင်းမူအော့အန်
နောက်ကြောင်းပြန်လှည့် ၊ စိတ်မနွဲ့ဘူး
အချစ်ဦးရေ ... ။

နေပူ... ထီးမိုး
မိုးရွာ .. ထီးကာ
ဆောင်းမှာ ... နွေးထွေး
အပြေားအလွှား ၊ မနားမနေ
အားတွေစုသစ်
နုမြစ်ချွေးစက် ၊ မြေသို့သက်လည်း
သူ့ချွေးကိုယ်သုတ် ၊ ကိုယ့်ချွေးသူဖယ် ။

ပင်လယ်ခရီး .. ရင်ဝယ် .. မီးပွား
ကြီးမားပါစေ ..
လာလေ .. အာတူ ၊ လက်တွဲကူပြေး
ဟိုး .. အဝေးမှာ
သီးခြား ကမ္ဘာလေး တည်ရအောင် ။ ။

မောင်လှမျိုး



 အမြဲစိမ်းတော

မျှော်လင့်ပန်းတွေ နဲ့
ပျော်ခွင့်ကို ကမ်းပါရစေ သခင်။

မမြင်ချင်လျှင် သခင်မကြည့်ပါနဲ့
မခင်ချင်လျှင် သခင်မသိပါနဲ့ ။

သခင်မသိရာ အလွမ်းဇာတ်
စခန်းရပ်လို့ မျှော်လင့်နေမယ် ။

သခင့်သဘောကို သခင်ဆောင်
မမြင်စေချင်လျှင် ကိုယ်ယောင်ဖျောက် ။

အို ...
အတောင်ပေါက်ကာ သခင်ပြေးသော်လည်း
အမှောင်တစ်လျှောက်မှာ ရင်အလေးရယ်နဲ့

သခင်ရဲ့ .. အဆင်အသွေး
သခင်ရဲ့ .. ခြေရာလေးတွေ

ဖွေရှာကာ ဝေဒနာ တက်ပါလို့
မရေရာစွာ အနေသာခက်တာကြောင့်

တစ်ရက် ..
တစ်နာရီ ..
တစ်ရာသီ မလပ်ရအောင် ...

ရှိသမျှ ဝေဒနာ အဆွေးတွေနဲ့
အဓိက အမြင် ရေရာဖို့ အရေးရယ်လို့
သတိတရ .. အစဉ် ကြေညာဖို့ တွေးနေဆဲပါပဲ ။

ရင်ထဲမှာ ငို .. ငိုရှိုက်နေပေမယ့်
သခင်ရိုက်တယ် ၊ မယူဆပါဘူး

တူမျှကာ ရင်နှစ်အသည်း ညှာသို့
ယူဆစွာ ' အကျွန် ' ချစ်မိပြီပဲ ။

ချစ်မိသည်ကို ..
အပြစ်ရှိတယ်လို့ သခင်ထင်လျှင်လည်း
နွံနစ်ကာ မိုက်ဇာတ်သိမ်းတဲ့ အထိ
သခင်ရယ် ..
စိမ်းပေါ့ အမြဲ





 မနက်ခင်း

ဘ၀ကို အလှပြင်ဖို့
ကျောက်တောင် တစ်ခုကို
ဖြိုခွင်းနေလိုက်တာ ...

မင်းအတွက်
ကျောက်ပျဉ်တစ်ချပ်မျှ
ဖြစ်မလာ ။

ခွင့်လွှတ်ပါ အချစ်ရယ်
မင်းတို့
မိတ်ကပ်တွေ လိမ်းထားတုန်းမှာ ..

အက်ကြောင်းထနေတဲ့
ကျောက်တောင် တွေကြားထဲက
ညီညာတဲ့ မျက်နှာပြင်တစ်ခုကို
ငါ ...
မရမက ရှာဖွေမယ် ။

မဖြစ်နိုင်ဘူးဆိုတာ
သေချာသွားခဲ့ရင်တောင် ...
နောက်ဆုံး ခွန်အားအနေနဲ့
သိကြားမင်းရဲ့ ကျောက်ဖျာပေါ်မှာ
မင်းအတွက်
သနပ်ခါးသွေးပေးမယ် ။

အချစ် ...
မျက်နှာသစ်ထားပါ ။



 တွေ့ဆုံခြင်း

ဈာပန တစ်ခုလို
မြှုပ်နှံလို့ရခဲ့ရင် ..
ငါ့ ရှင်ပြန်ထမြောက်မှုကို
ဘယ်သူ ကြိုဆိုမှာလဲကွယ် ။

မီးတောက်တွေကို
မျိုချခဲ့ပြီး
မင်းကို ပြုံးမပြမိတာ
မင်း .. ပူလောင်မှာစိုးလို့ပါ။
ဆူးခက်တွေကို
ကိုင်ဆုပ်ခဲ့ပြီး ...
မင်းကို .. လက်မကမ်းခဲ့တာ
မင်း .. ထိတ်လန့်မှာစိုးလို့ပါ ။

မနေ့က သက္ကရာဇ်တွေကို
နင်းချေခဲ့ပြီး ...
မင်းနဲ့တွေ့တော့မှ
အနာဂတ်ကို
ငါ ချစ်တတ်ခဲ့ပြီ ။

စိတ်ကူးယဉ်ပန်းကုံးတွေ နဲ့
မင်းကို ... မချည်နှောင်ပါရစေနဲ့ကွယ် ။
လက်တွေ့ကျကျ
လမ်းခွဲလိုက်တာကိုက
မင်းအတွက်ပေးတဲ့
ငါ့လက်ဆောင်ပါ။

မငိုနဲ့လေ
အဲဒီမျက်ရည်တွေကို မြှုပ်နှံခဲ့ပြီး
ဒုတိယမြောက်
ရှင်ပြန်ထ မြောက်ခြင်းရဲ့ အစွန်းမှာ ...
မင်း .. ငါ့ကိုတွေ့လိမ့်မယ် ။

အဲဒီတော့မှ
ငါ .. သေဆုံးရမှာပါ ။



 အချစ်ဦးသို့ တောင်းပန်ခြင်း


ချစ်သူခင်သက်
သိပ်ရက်စက်တယ် ။

လောကဓံတရား ၊ ကြုံပါများတော့
သူရက်စက်တာ ၊ဘာမျှမဟုတ်
သေးနုပ်သိမ်ငယ် ၊ သေးသေးသွယ်။

ချစ်သူခင်ထား
မာယာများတယ် ။

ကံကြမ္မဓား ၊ လှည့်စားခါခါ
ကြုံလာသမျှ၊ ရင်ဆိုင်ရတော့ ...
ခင်လှည့်စားတာ ၊ ဘာမျှမဟုတ်
သိမ်နုပ်သေးသွယ် ၊ ပုံပြင်ဝယ် ။

ချစ်သူခင်တစ်ယောက်
ငွေဂုဏ်မောက်တယ် ။

လာကလမ်း တစ်လျှောက်
တံခါးပေါက်တွေ၊ ခေါက်လေသမျှ
ငွေအသပြာ၊ သူမပါလျှင်..
လူရာမ၀င်၊ ဂုဏ်မထင်တော့ ...
ငွေဂုဏ်မောက်သူ ၊ ခင့်အယူဆ
ဘာမျှမမှား၊ အမှန်သားပဲ ။

ခင်... ရက်စက်သမျှ
ခင် .. လှည့်စားသမျှ
ခင် .. ဂုဏ်မောက်သမျှ။

" တက် " ခေါက်မာန်စူး
မုန်းခဲ့ဖူးတယ် ။

အချစ်ဦးရေ ...
( အခုတော့ ) ...
လုံးဝ တောင်းပန်လိုက်ပါကြောင်း ။ ။



 ထပ်တူ

ချစ်သူသာ
ပန်းပွင့်ကလေးဖြစ်ခဲ့ရင်
ပန်းပွင့်ကလေး အစဉ်မွှေးဖို့
ဝတ်မှုန်လေးတွေ ဖြစ်လိုက်ချင်။
ချစ်သူသာ
လေပြေကလေးဖြစ်ခဲ့ရင်
အဲ့ဒီလေပြေ အတူနေဖို့
သစ်ရွက်ကလေးတွေ ဖြစ်လိုက်ချင်။
ချစ်သူသာ
ငွေလမင်းဖြစ်ခဲ့ရင်
သူရဲ့ နံဘေး ၀န်းရံပေးဖို့
ကြယ်ပွင့်လေးတွေ ဖြစ်လိုက်ချင်။
ချစ်သူသာ
မာနရှင်လေးဆိုပါတော့
မငိုပါဘူး ဘုရားစူးပါ
မြားစူးအသည်း ရင်ထဲသိမ်းထား
စိမ်းကားသည့်... ဒဏ်၊ ခံရင်း ရင်ကော့
အစဉ်မျှော်ငေး၊ ရင်မှာဆွေးတဲ့
အလွမ်းသမားလေးပေါ့။ ။



အိပ်မက်အနမ်း

သခင့်အပြုံး
ပန်းကုံးလိုသီ၊ ပန်းချီလိုရေး
ရင်မှာထွေးပိုက်
ပိုင်ဆိုင်လိုက်ချင်။
သခင့်အကြည့်
ရွှမ်းအိတောက်ပ၊ အလှဓာတ်ပုံ
ရင်အစုံကြား၊ နှလုံးသားမှာ
သိမ်းထားလိုက်ချင်။
သခင့်စကား
မလွင့်ပါးအောင်၊ ၀င့်ကြွားဖမ်းယူ
နားမှာကြူမွှေး၊ လက်ဆောင်ပေးရန်
တောင်းပန်တိုးလျှိုး၊ မြတ်နိုးလိုက်ချင်။
သခင့်ခြေလှမ်း
ရေတွက်ပန်းပွင့်၊ တစ်ပွင့်တစ်ခါ
အသာဖွဖွ၊ တသသကောက်
သူ့နောက်တော်ပါး၊ လိုက်ပါသွားချင်။
သခင်မသိ
သည်မှာကြည့်နော် ။
ခေါ်မှမလာ
ပေါ်မှမချစ်
မြစ်တစ်ဖက်ကမ်း
ဝေးကွာလှမ်းလည်း
အတွေးနဲ့ လွမ်း
အုံ့ပုန်းပန်းမို့
အိပ်မက်ထဲမှာ နမ်းလိုက်တယ် ။ ။





ပကတိအသံ

ချစ်ခြင်းစကား
မျိုသိပ်အားမဲ့ လွင့်ကျခဲ့တဲ့အခါ
အဲ့ဒီ့အရာ
ပန်းပွင့်ကလေးသာဖြစ်သွားခဲ့ရင်
အဲ့ဒီ ပန်းပွင့်၊ သခင့်အတွက်
လက်ဆောင်ဆက်မယ် ...
သခင်မွှေးပျံ့စေရမယ်။
မျက်ရည်လေးတွေ ဖြစ်သွားခဲ့ရင်
အဲ့ဒီ့မျက်ရည် သခင်နေဖို့
ပင်လယ်ရေမြစ်
နုသစ်သောင်ကမ်း၊ အုန်းပင်တန်းပေါ့
သခင် ရွှင်လန်းစေရမယ် ။
ချစ်ခြင်းစကား
နှလုံသားအရိပ်၊ တိတ်တိတ်ရင်မော
စိတ်နဲ့ပြောရင်
သခင်မသိ၊ တွေးကြည့်မိလည်း
ပကတိ..အသံ၊ ရင်မှာလျှံတက်
ပြောမထွက်ဘူး။
ပြောမယ့်စကား
ပန်းပွင့်များသာ ဖြစ်ပါစေတော့။
ပန်းပွင့်ပင်လယ်
အလွမ်းနယ်ဟာ
သခင်လာတော့ ပျော်မှာပေါ့။ ။



 မျက်ရည်ဥတဲ့ည

ရင်မှာမွန်းကျပ်၊ အလွမ်းထပ်ဆင့်
ရင့်မာအုံဖွဲ့၊ နွမ်းလျခဲ့ပြီ။
ယောင်ခြာယောက်ယက်၊ သိခက်မေ့များ
စကားမဖြစ် ...
ထားရစ်သောသူ၊ ခြေဖြူဖ၀ါး
ကုစားခြင်းမဲ့၊ ကျန်ခဲ့သည့်နောက်
စိတ်လည်းဖောက်ပြန်၊ နောက်ချန်ငိုကြွေး
လမ်းဘေးညည်းချင်း၊ သတင်းမဖြစ်
အရင်းစစ်တော့ ...
ချစ်မိသည်ကို အပြစ်ဆိုချင်
ငြိုငြင်မှာလား၊ ပြောသွားဦးလေ။
မျက်ရည်မြစ်ကမ်း...
အလွမ်းသဲသောင်၊ သောကဖောင်ဖွဲ့
မျောလွင့်ခဲ့ပြီ
နေခြည်မှေးမှိတ်၊ ညအရိပ်ထဲ
လရိပ်လည်းကင်း၊ အမှောင်တွင်းမှာ
လွမ်းချင်း ဘယ်သူကူမှာလဲ ...။ ။



ကိုယ်စား

ပြန်လည်ရုပ်သိမ်း၊ သူစိမ်းပြင်ပြင်
မနေချင်ဘူး ၊ အချစ်ဦးရေ
ချစ်ဖူးခင်ဖူး ၊ ခင်တွယ်ဖူးသမျှ
ကြိုးစရစ်နှောင်၊ နှစ်တစ်ထောင်အထိ
နှောင်တွယ်မိသည်။

ကြင်လျက်... စိမ်း ၊ ရင်ထက်ယိမ်းယိုင်
မထိန်းနိုင်ကိုယ် ၊ မျက်ရည်ပြိုလည်း
သခင်ငိုမှာ စိုးရိမ်၏ ။



 တေမိမိုး

ငိုလို့မရတော့တဲ့
လူတစ်ယောက်ရဲ့ ရင်ထဲမှာ
ဝမ်းနည်းစရာတွေ
ကုန်ခန်းသွားပြီလို့
မင်းထင်ရက်သလား ။
ငါသာ .. ကောင်းကင်ကြီးဖြစ်ခဲ့ရင်
မိုးရေစက်တွေ
ရွာချလိုက်ချင်ပါရဲ့ ။
ကြည့်စမ်းပါဦး
မင်းကို ဆုံးရှုံးတော့မယ်ဆိုတဲ့ အသိက
ရင်မချိအောင် ခံစားရလိုက်ပုံများ
ဘာစကားမှ
ပြောမထွက်တော့ဘူးလေ ။
သစ်ရွက်တစ်ရွက်ဖြစ်ခဲ့ရင်
ကြွေပြလိုက်ချင်ပါတယ် ။
အိပ်မက်ထဲမှာ
တွေ့ဖို့ မဆိုထားနဲ့
အိပ်ပျော်အောင် မနည်းကြိုးစားနေရတဲ့
ငါ့ရဲ့ ညတွေဟာ
မင်း ကခုန်ဖို့အတွက်
အမြဲနိုးထနေပါတယ် ။
မင်းကို နှုတ်ဆက်ဖို့
ငါ့လက်တွေ ထုံကျင်နေသလို
မင်းရဲ့ ကျောပြင်ကို
ငေးကြည့်ကျန်ရစ်ဖို့
ငါ့မျက်လုံးတွေ
ေ၀၀ါးနေရပြီ။
အဲဒါ ..
မျက်ရည်တွေလား ဟင်။
ဘာမှ မပြောဘဲ
ခံစားနေရသူချင်း အတူတူ
ကောင်းကင်ကြီးကမှ
ရွာချခွင့် ရပါသေးရဲ့ ။ ။



ပဉ္စမံမိုး

မာယာရှင် အပြုံးနဲ့
တစ်ကိုယ်လုံး ရစ်ပတ်ထား
ဒါ ...
အချစ်ဓာတ်ပြားတဲ့လားကွယ် ။

တိုးတိုးတိတ်တိတ်
စိုးထိတ်ထိတ်နမ်း
ငါ့ရဲ့ အလွမ်းတွေ
ဟိုမှာ ...
ပန်းကြွေတွေလို
စမ်းရေထဲမျော
ရင်မောလှပေါ့ ။

ပြောစမ်းပါဦးကွဲ့
ပြုံးစေ မင်းနှုတ်ခမ်းပါးက
အလွမ်းများ ငြိမ်းအေးစေဖို့
ဘာဆုတွေ တောင်းပေးမှာတဲ့လဲ ။

ကဲ ....
ရွာမယောင်နဲ့
အပြာရောင်ကောင်းကင် မှိုင်းညိုညို့
မျက်ရည်ဆို့တော့မယ် အလွမ်းသမလို
အပူသည်ကို
မြှူဆွယ်နေခဲ့တာ
ခံစားတတ်မယ်ဆိုရင်
ငါ့ရင်ခွင်ခမျာ
မီးလောင်ပြင် ဖြစ်ရှာပေါ့ ။

ချစ်ပါရစေကွယ်
နှစ် ... လ ... ရှည်
မျက်ရည်လူး
ငါ...
ရူးရူး .. မရူးရူးပေါ့
နောင်ဘ၀ မကူးခင်
မင်းနဲ့
လက်ထပ်ဖူးချင်တယ် ။ ။



 အရောင်းအ၀ယ် ကိစ္စ

မြန်မာပြည်မှာ
နေထိုင်နေလျက်နဲ့
သနပ်ခါး ရနံ့လေးတွေ ကို
တန်ဖိုးမထားတတ်မှာ
စိုးရိမ်တယ် ။

ငွေစက္ကူတွေ ကို
နမ်းနမ်းပြီး ..
ငါ့ကို
နောက်ပြောင်ခဲ့တဲ့ .. ဟန်နီ ။

နင့်နှာခေါင်းမှာ
ဘာတွေ ပေကျံ နေသလဲဆိုတာ
မှန်ထဲမှာ ပြန်ကြည့်လိုက်ပါ။

နိုင်ငံခြားပြန်
ရည်းစားဟောင်းတွေကို ... မျှော်ပြီး
ငါ့ .. မြန်မာနိုင်ငံကို
မစော်ကားပါနဲ့ ။

သူတို့က ..
နင့်ကို ၀ယ်ဖို့
(နိုင်ငံခြားမှာ )
ဒေါ်လာတွေ သွားရှာနေတဲ့ အချိန်
ငါ ကတော့
မြန်မာပြည်မှာ
အေးအေးဆေးဆေး
သနပ်ခါးသွေးနေတယ် ။

ဒီမယ် ... ဟန်နီ
သနပ်ခါး ရနံ့က
ဒေါ်လာထက် ပိုမွှေးတယ် ။

ဒေါ်လာတွေ ရောက်လာတဲ့အခါ
နင် .. ပျော်မြူးလိုက်ပါ .. ဟန်နီ ။
ငါ့မြန်မာပြည်မှာ ရှိတဲ့
ပါးပြင်တွေ ထက်က ၊
သနပ်ခါး ရနံ့လေးတွေကို တော့
ငါ .. ဘာနဲ့မှ မလဲနိုင်ဘူး ။

နင်မက်မောတယ် ဆိုရင်
ဒေါ်လာတွေကို ကိုက်ချီပြီး
နိုင်ငံခြား က ပြန်လာမယ့်
နင့်ရည်းစားတွေ နောက်
ကောက်ကောက်ပါအောင်
လိုက်သွားပါ ။

ငွေ ထက်
အရေးကြီးတဲ့ အရာ
လောကကြီးထဲမှာ
ရှိနေသေးတယ် ဆိုတာ
နင်သိတဲ့ တစ်နေ့
ငါ့
ခြေထောက်ရှေ့မှာ
နင့်ရဲ့
ဒေါ်လာတွေ ကို
မီးရှို့ပြပါ ။

ငါ
နင့်ကို ချစ်ပါတယ် .. ဟန်နီ ။
ဒါပေမယ့်
ငါ ရွံတဲ့ ငွေ စက္ကူတွေကို
နင်က
နမ်းနမ်း ပြနေတော့
ငါ ..
နင့်ကို ရွံရှာလိုက်မိပြီ ... ။



 အမည်ပေါက်စာချုပ်

" အချစ် " ရောင်းရန် ရှိသည် ။

မှတ်ချက် _
ဖဲရိုက် ၍ရသော ငွေကြေးဖြင့်
ဝယ်ယူခွင့်မပြု ။

ဒုစရိုက်လုပ်ငန်းများမှ
ရရှိလာသော ငွေကြေးဖြင့်
ဝယ်ယူခွင့်မပြု ။

အထူးသဖြင့်
မေတ္တာစစ် ဖြင့် တောင်းခံလျှင်
အလကား ပေးမည် ။
ဒေါ်လာ မလို
ငွေကြေး .. မလို ။

မောင်လှမျိုး



 ဆပ်ပြာပူဖောင်း

စိတ်ကူးတွေ .. မတူညီတော့ဘူး
အိပ်မက်တွေ .. မတူညီတော့ဘူး
စကားလုံးတွေ .. မတူညီတော့ဘူး
ခြေလှမ်းတွေ .. မတူညီတော့ဘူး
ပန်းတိုင်တွေ .. မတူညီတော့ဘူး ။

ဆန့်ကျင်ရာ
အရပ်ဘက်တိုင်းမှာ ..
ကျောခိုင်းထားရစ်
စကားစစ်ထိုးနေသူရေ .. ။
ယုံကြည်ချက်တွေ .. မတူညီမှတော့
အမြင်တွေ .. မတူညီမှတော့
အတွေးတွေ .. မတူညီမှတော့
ဆန္ဒတွေ .. မတူညီမှတော့ ..။

ရင်ခွင်မှာ
မင်း မရှိတော့ဘူး ။ ။



 ကျောမခိုင်းမီ

မင်း, ပြောသမျှ
မှန်ရဲ့လား ။
မင်းလုပ်သမျှ
မှန်ရဲ့လား ။
မင်း ဆုံးဖြတ်တိုင်း
မှန်ပါ့မလား ။

ချစ်လွန်းလို့
ခွင့်လွှတ် ခဲ့သူ အပေါ်
အနိုင်ယူ လွှမ်းမိုးနိုင်ရုံနဲ့
မင်း ...
မှန်တယ်လို့ မထင်စေချင်ဘူး ။

ချစ်လွန်းလို့
ဦးညွတ်ခဲ့သူပါ ။
ခေါင်းငုံ့တာတော့
မဟုတ်ဘူး ။
နှလုံးသားကို
မထိခိုက်ခင်
မင်း ...
စဉ်းစားစေချင်တယ်ကွယ် ။

မင်း ..
ပြုမူသမျှ
မှန်ကန်ပါရဲ့လား ။ ။



 ဇာတ်ပျက်

ဘယ်အယိမ်း
ညာထိန်းဖို့ ခက် ။
ညာအတိမ်း
ဘယ်ယိမ်းဖို့ခက် ။
မတိမ်းတတ်
မထိန်းတတ်တဲ့ .. ကျွန်တော်၊
ယိမ်းဇာတ်နဲ့ လွဲချော်ပြီး
ပွဲတော်ထဲက
ထွက်ခဲ့တတယ် .... ။ ။



အလွမ်းစက်ကွင်း

သူတတွဲ၊ ကိုယ်.. တတွဲ
ငိုပွဲဆင်တဲ့ ၊ ကိန္နရာ ကိန္နရီ၊
တိမ်သလ္လာ မှောင်မိုက်
လေပြင်းတိုက်သလို
ကြေကွဲမှုံသီ ။

သူ .. တစ်ကိုယ်၊ ကိုယ်.. တခြား
ဝေးများသွားလျှင် .. ၊
လွမ်းရုံနဲ့ မကုန်
ငိုရုံနဲ့ မပြေ ,
တစ်နွေလုံး .. ကြွေ
တစ်မိုးလုံး .. ကျွမ်း
တစ်ဆောင်းလုံး .. နွမ်းလို့
( သုံးရာသီ အကုန်လုံး )
စမ်းရေခြောက်ခန်း
ပန်းတွေ အားလုံး နွမ်းသွားမည် .. ။ ။



 အိမ်အပြန်လက်ဆောင်

လူတွေ
ပြောပြောနေတဲ့
ငွေကြေးကိစ္စ ။

လူတွေ
ပြောပြောနေတဲ့
ပကာသန ကိစ္စ။

လူတွေ ..
ပြောပြောနေတဲ့
နိုင်ငံတကာ ရေးရာ ကိစ္စ။

အဲ့ဒိ ကိစ္စတွေ နဲ့
ကမ္ဘာကြီး အလုပ်ရှုပ်နေချိန်မှာ ..
သူနဲ့ ကျွန်တော့်ရဲ့
အချစ်ရေးကိစ္စ
စိတ်ချစရာ မကောင်းဘူးဆိုပြီး
ငိုကြီါ်ချက်မ နဲ့ ကျွန်တော့ ချစ်သူ
ကျွန်တော့်ကို
လမ်းခွဲ ထားရစ်
ကျောခိုင်းပစ်ခဲ့တယ် ။

ငွေကြေးကိစ၁စ
ပကာသန ကိစ္စ
နိုင်ငံတကာေ၇းရာ ကိစ္စတွေ ...
စိတ်မ၀င်စားမိဘဲ
ချစ်တာ တစ်ခုတည်းသာ
သတိထားမိခဲ့တဲ့ .. ကျွန်တော့်ကို
ကျွန်တော့်ချစ်သူက
ငွေစက္ကူတွေနဲ့ .. ပစ်ပေါက်
ရွှေဆွဲကြိုးတွေ နဲ့ပစ်ပေါက်
နိုင်တကာရေးရာ ဂျာနယ် ကြိး တွေ နဲ့ ပစ်ပေါက်ပြီး
နိုင်ငံခြား ခရီးထွက်သွားတာ
အခုထိလည်း ပြန်မလာသေးဘူး။
သူပြန်လာရင်တော့ ..
သူ့မျက်နှာကို
သနပ်ခါး တုံး ကြီး နဲ့
ကျွန်တော် ပစ်ပေါက်မယ် ... ။ ။



 ရင်ထဲက မီး

စိမ်းစိမ်းနုနု
ပြာပြာလဲ့လဲ့
တောက်တောက်ပပ
ခဏခဏ
ပူလောင်တယ်။

မတွေးတောခြင်းနဲ့
ငြိမ်းသတ်လိုက်တော့မှ ၊
စိမ်းနု .. ပြာလဲ့
တောက်ပ .. ပူလောင်တဲ့
မီး ...
အစွယ်ကျိုး
အခိုးပြေ။

ဒါတောင် ..
" အချစ်ရေ " ... လို့
အလွမ်းတွေနဲ့
အော်ခေါ်လိုက်သေးတယ် ... ။ ။



 အချစ်၏ သစ္စာတော်ခံ

ဓား ... လှံ... လေး... မြား
လက်နက်အားကိုး
အုပ်မိုးထိုးဆွ
ကြုံရတဲ့အခါ .. ၊
ငါ့မှာ...ဗလာ
ဘာမျှ ... မရှိ
နတ္တိ၊
ဒါပေမဲ့
သတ္တိအပြည့်
ရင်ကိုယ်ငွေ့နွေး
ဆူပွက်သွေးနီ
မာန်ဟုန်ချီတက်
ရင်ကော့လျက်နေ၀ံ့သည်။

အို ...
အချစ်။ သင် ....
အပြစ်တင်တင် ၊ တမင်ဆိုးဆိုး
အငြှိုးထားထား ၊ ခါးခါး...သက်သက်
လက်ဖြင့်အုပ်မိုး
တန်ခိုး အပြည့် ၊ အိမ်မွေ့ချသလို
ဘ၀ကိုချုပ် ၊ ငါ့ကို ဆုပ်ကိုင်
အနိုင်ကျင့်ကျင့် ၊ အဆင့်ဆင့်ချိုး
စိတ်မဆိုးဘူး ။

နိုးကြွသတ္တိ ၊ သတိအပြည့်
မမေ့လုံ့လ ၊ ရှိသမျှ တွေ..
ဒူးညွတ်ခွေချ ၊ မာန်မာနကင်း
မြတ်နိုးခြင်းအမှန်၊ ပန်းဝတ်ဆံဖြင့်
သင့်ထဲ ဦးခိုင်ခိုလှုံမည်။ ။



 နွေလူမိုက်

သူ့ ၊ မြဆံကေ ၊ ကေသာရှည်မှာ
နွေ၏သိင်္ဂါ ၊ ပိတောက်ဝါကို ၊
တစ်ခါ မျှပင် ၊ ပန်ဆင်ခွင့် .. ဝေး
သူမပေးလို့
အိပ်ရေးများစွာ ပျက်ဖူးတယ်။

ပိတောက်ဆယ်လီ
ပွင့်ပြီးပြီလေ ... ... ... ။
သူ့ကေသာလည်း
ကြွေဆံမြရွှန်း ၊ မထုံမွမ်းတော့ ...
ရှည်လျားနက်မှောင် ၊ မစွမ်းဆောင်တော့ ...၊
ဒါပေမဲ့လေ
( သူကတော့ )
ခေါင်းမော့ဆဲပ ၊ မာန်မချဘဲ
ဟန်ပြမာကျောနေသေးတယ် ။

ပိတောက်ဆယ်ခါ ၊ ပွင့်ပြီးပါလည်း
သည်တစ်ခါ ...မုန်း ၊ ငြင်းဆန်ဦးမယ်ဆိုပါတော့ ... ၊
အပြုံးမပျော့
ဇွဲမလျော့ပါ ၊
ပိတောက်ဝါတွေ ၊ နွေ .. နွေ .. နွေတိုင်း
တလှိုင်းလှိုင်းထ ၊ ပွင့်နေသမျှ
( ကျွန်တော် ) ... ( ကျွန်တော် ) ...( ကျွန်တော် ) ..
ခဏခဏ မိုက်ဦးမယ် ... ။ ။



 အလွမ်းပြတင်းပေါက်

လွမ်းနေစဉ်မှာ ..
ပန်းတွေမဝေ
စမ်းရေမစီး
မီး , ဖြစ်နေသလို ။
ချိုသာနေနား
အပါးမခွာ ၊ ပျားသကာတွေ
ဘယ်မှာလေလဲ။
ဝေခွဲတမ်းတ
သည်တစ်ညမှာ ...
လွမ်းတဲ့လမင်း
မထိန်လင်းဘူး ။
မှိန်ရင်းမှေးမှိတ်
လွမ်းတဲ့စိတ်ကြောင့်
အိပ်မက်တွေလည်း မလှဘူး ..။ ။



စက္ကန့်မခြား

ချစ်ပါရစေဦးကွယ် ။
နှစ် .. လ .. ရက်ရှည်
မျက်ရည်လူးခဲ့တဲ့
ကမ္ဘာဦးရဲ့
အမုန်းစစ်ပွဲ တချို့ကြား..
လုံးပါး ပါးခဲ့ကြတဲ့
နှလုံးသားများစွာရဲ့ .. ကိုယ်စား။

ချစ်ပါရစေဦးကွယ် ။
ကြွေပြုန်းပျက်ပြယ်
သံသရာလည်ခဲ့သမျှ
ဘ၀.. ဘ၀ .. တွေရဲ့
ကြေကွဲမှုများ အကြား ..
ရွေ့လျားပျောက်ကွယ်ခဲ့ရတဲ့
သမုဒယ နေ့ဆိုးတွေရဲ့ .. ကိုယ်စား။

ချစ်ပါရစေဦးကွယ်။
အနှောင့်အယှက် ၊ အဖျက်အဆီး
မီးတောက်မီးလျှံ ၊ တောင်နံရံကာခြား၊
တို့နှစ်ယောက်ဝေးသွားအောင်
စိတ်မချစရာ စကားတွေနဲ့
အနိစ္စတရားတွေ ..
ဝင်မလာခင်စပ်ကြား ။

နှစ်ယောက်တစ်ကိုယ်
မျိုထားမတတ်
ရင်ချင်းအပ်ကာ ..
စက္ကန့်မလမ်
လေပြည်မခြား
ချစ်ပါရစေလားကွယ် .. ။ ။



အလင်္ကာ ချောင်းခြား

အအိပ်ခက်တယ်
စိတ်ပျက်စရာ ကောင်းတဲ့ည ။
ဘ၀က
လ , မသာဘူး။
ပြတင်းပေါက်မှာ
မေးတင်ပြီး ၊
ငေးချင်ရာ ငေးနေတဲ့
မင်းရဲ့ အိမ်ရှေ့မှာ ..
ငါ ဂစ်တာလာတီးရမလား။

ငါ .. သီဆိုနေတဲ့ သီချင်း
မင်းရင်ထဲကို
မရောက်မချင်း ၊
ဒီည ..
အိပ်လို့ရမယ် မထင်ပါဘူး။

ငါ့ရဲ့ ... ကြေကွဲသံ
မင်းရဲ့
အိမ်နံရံကို ထိမှန်တဲ့အခါ
မင်း ...
အိပ်ပျော်ပါစေသား။

ငါ , ကတော့
လ , မသာမချင်း ၊
ဘ၀ကို
သီချင်းလုပ်ဆိုဦးမယ် ။

ငါ့ရဲ့ ..
မျှော်လင့်ခြင်း အလင်းရောင်ဟာ
မနက်ဖြန်မှာ တွေ့မြင်ရမယ့်
ချစ်သော ...
မင်းရဲ့မျက်နှာ

ချစ်သော ..
မင်းရဲ့ မျက်ဝန်း
အဲဒါ ...
ငါ့ရဲ့ ... လမင်း
ဘ၀ရဲ့
ထာဝရ သီချင်း ...။ ။

မောင်လှမျိုး 



 ကြိုးညှိရမယ့် ဂစ်တာ နှစ်လက်

ပြန်မတောင်းချင်တော့ဘူး
ပေးအပ်ခဲ့တဲ့
ငါ့ ..ချစ်ခြင်း ။

ပြန်မတွေးချင်ဘူး
ကုန်ဆုံးခဲ့တဲ့
အချိန်နာရီများ ။

ပြန်မမေးချင်တော့ဘူး
မင်းပြောခဲ့တဲ့
အကြင်နာ ... ချစ်စကား ။

ပြန်မညှိတော့ဘူး
မတူညီတဲ့
ဘ၀ .. အမြင်။

ပြန်မခွဲချင်တော့ဘူး
တွဲထားမခဲ့တဲ့
တို့နှစ်ယောက်ရဲ့လက်များ ။

ပြန်မလွှတ်ချင်တော့ဘူး
တွဲထားဖြစ်ခဲ့တဲ့
လက်နှစ်ဖက်
တို့နှစ်ယောက်ရဲ့
တစ်သက်စာ ။

ပြန်မငိုချင်တော့ဘူး
ပြိုလဲဦးညွတ်ခဲ့တဲ့
ငါ့ ... ချစ်ခြင်း
အပြစ်မကင်းခဲ့လျှင်တောင်
မင်း ....
ယူဆောင်ဖေးမ , လှည့်ပါဦး ။



 ကမ်းမမြင်တဲ့ ပင်လယ်ရဲ့ အလယ်

မင်းဘဝ
ကြမ်းကြမ်းထဲမှာ ....
ငါ့ဘဝ
ကြမ်းကြမ်းတမ်းတမ်းကြီး
ရော .. မွှေနှောက်
မင်း ... ဦးနှောက်ချောက်သွားပြီလား .. ဟန်နီ။

မင်းဘ၀ ...
ကွေ့ကွေ့ကောက်ကောက်ထဲမှာ ..
ငါ့ဘဝ
ကွေ့ကွေ့ကောက်ကောက်ကြီး
လာရောက်ရောနှောက်ခဲ့တာ
မင်းစိတ်ချောက်ချား သွားပြီလား .. ဟန်နီ။

မင်းဘဝ
အထီးကျန်ကျန်ကြားထဲမှာ ...
ငါ့ဘဝ
အထီးကျန်နေ့ရက်တွေ
လာရောက်ခိုကပ်နေတာ
မင်း .. စိတ်ညစ်တတ်ပြီလား .. ဟန်နီ ။

ဘ၀ကို
အစ .. အဆုံး
သုံးသပ်လိုက်တဲ့ အခါ
မင်းကြောင့်
ငါ့ရင်ခုန်သံ
ပုံမှန်ဖြစ်သွားခဲ့ရတာပါ ။

မင်းဘယ်လောက်ဆိုးဆိုး
ငါမြတ်နိုးနေတာ
ငါ .. ဘယ်လောက်မှားမှား
မင်း .. ထွေးပိုက်ထားတာ
ကျေးဇူးကမ္ဘာပါ .. ဟန်နီ။

ဘ၀ရဲ့ အနာဂတ်
မပြီးပြတ်သေးခင်
စကားတစ်ခွန်းလောက်
ပြောချင်ပါတယ်။

တို့နှစ်ယောက်ရဲ့
သံယောဇဉ် နဲ့
ဘ၀ကို ..
ပြုပြင်ကြပါဦးစို့ကွယ် ......။ ။



ရုပ်သေး

နွေမဟုတ်ဘဲ
ခြေရှုပ်တဲ့ သစ်ရွက်ကြွေလို
နှစ် .. ရက်ရှည် ၊ လေလွင့်ခဲ့ရ
ဘ၀အနာ ၊ မသာယာလို့ ၊
သူ .. ညှာတာနိုး
မြတ်နိုးတွယ်ယှက် ၊ အသက်အပ်နှင်း
ငါ.... ၀ပ်စင်းသည်။

ဝပ်စင်းသမျှ ၊ ချွတ်နင်းဝင်ရောက်
အညှောင်ပေါက်လာ ၊ ထို .. မာယာဆိုး
မမြတ်နိုးချင် ။

မြတ်နိုးမိမှ
မာယာစတွေ့ ၊ မေ့မေ့မူးမူး
ချစ်ခဲ့ဖူးပြီ ......
အချစ်ဘူးလို့ ၊ ရူးတော့သည် ........ ။ ။



ရွက်ခြောက်တော

အထိုင်.. မူး
အထ... မူးနဲ့ ၊
ဘ၀ရဲ့ ဦးခေါင်းထဲ
စူးစိုက်ခဲ့တဲ့ .. ဒဏ်ရာတွေ ...
မရေတွက် နိုင်တော့ဘူး
အချစ်ရေ .... ။

နှင်းရည် ဖျန်းဖျန်း
မိုးရည် ဖျန်းဖျန်း
မလန်းဆန်း နိုင်တော့မယ့် အတူတူ ၊
အပူကို အပူနဲ့ ငြိမ်းဖို့
သူစိမ်းတစ်ယောက်ကိုသာ
ချစ်လိုက်ပါရစေတော့ကွယ် ။ ။



 အချစ်မရှိတဲ့ ... ဒေသ

ရေစီးကမ်းပြိုဖြစ်နေတဲ့
ဘ၀ ... အကြောင်း ...
စာလုံးပေါင်း မနေချင်တော့ဘူး ။

တော်ရာမှာ
နေနေရတာ
ကြာလှပြီ ။
ပျော်စရာ ..
ဘယ်မှာလဲကွယ် ။

ခေါ်သံကြားတိုင်း
လှည့်ကြည့်မိခဲ့တဲ့
အသိမဲ့ နှလုံးသားလည်း
ရုံးသွားရုံးပြန် ဖိနပ်တစ်ရန်လို၊
သည်းကြိုးပြတ်
စုတ်ဖွာ
ဟာတာတာ ကြီးပါပဲ ။

နွေဆိုတာ ရှိနေသမျှ
ပုရစ်ဖူးလေးတွေ နုမြဖို့
မျှော်လင့်မိပြန်သေးတယ် ။

မယုံရင်
ဒီမှာ ကြည့် ၊
သက်သေပြစရာ ဆိုလို့
မျက်ရည်စတွေပဲ
ရှိတော့တယ် ..... ။ ။

မောင်လှမျိုး



 အချစ်မရှိတဲ့ ... ဒေသ

ရေစီးကမ်းပြိုဖြစ်နေတဲ့
ဘ၀ ... အကြောင်း ...
စာလုံးပေါင်း မနေချင်တော့ဘူး ။

တော်ရာမှာ
နေနေရတာ
ကြာလှပြီ ။
ပျော်စရာ ..
ဘယ်မှာလဲကွယ် ။

ခေါ်သံကြားတိုင်း
လှည့်ကြည့်မိခဲ့တဲ့
အသိမဲ့ နှလုံးသားလည်း
ရုံးသွားရုံးပြန် ဖိနပ်တစ်ရန်လို၊
သည်းကြိုးပြတ်
စုတ်ဖွာ
ဟာတာတာ ကြီးပါပဲ ။

နွေဆိုတာ ရှိနေသမျှ
ပုရစ်ဖူးလေးတွေ နုမြဖို့
မျှော်လင့်မိပြန်သေးတယ် ။

မယုံရင်
ဒီမှာ ကြည့် ၊
သက်သေပြစရာ ဆိုလို့
မျက်ရည်စတွေပဲ
ရှိတော့တယ် ..... ။ ။

မောင်လှမျိုး





 သောကသောင်ကမ်း

မခြွေရက်ဘူး
ခြွေလက်တုန်ယင် ၊
ခုန်မင်မဲ့ကင်း ၊ ချစ်ခြင်း သစ္စာ
မေတ္တာဖြူဖွေး ၊ မြတ်နိုးတေးသီ
ယုံကြည်ပါ ... မေ။

မမုန်းရက်ဘူး
ရှုံးသတ်ဒဏ်ရာ
ကြမ္မာနှိပ်စက် ၊ အိပ်မက်မဲ့ ဆိုး
အလွမ်းမိုးမိ ၊ ဆိုးမည့် .. ဘဝ
လှပ..ပါစေ ။

မပြောရက်ဘူး
ကျော်သက်ခြေရာ၊
ဝေဒနာပြင်း ၊ ခွဲခွာခြင်းများ
ထို .. တရားတွေ ..
ခြွေလာပင့်သက် ၊ ရင်နင့်လျက် .. နွေ။
အေးမြပါစေ ။

မနှင်ရက်ဘူး
ရှင်လျက်သေဆုံး ၊
နှလုံးကွဲအက် ၊ နှင်းဆက်မေတ္တာ
သစ္စာနွေတေး ၊ ရင်ခွင်ဆွေးမှာ ..
တစ်ရေးလောက်သာ ၊ မှေးစက်ပါကွယ် ။

ဝေးသည်ထက်ဝေး
ဤ၀ဋ်ကြွေး .. သက် ၊
လက်ကျန်ဆက်ရန် ၊ ကျန်နေမှာစိုး
အဖြစ်မျိုးတွေ ..
( ဖြေပြေမရ
ကြေကြေမွလို့ )
ချစ်မိုးရွာမှ ငြိမ်းရစေ .. ။ ။

မောင်လှမျိုး 





 သောကသောင်ကမ်း

မခြွေရက်ဘူး
ခြွေလက်တုန်ယင် ၊
ခုန်မင်မဲ့ကင်း ၊ ချစ်ခြင်း သစ္စာ
မေတ္တာဖြူဖွေး ၊ မြတ်နိုးတေးသီ
ယုံကြည်ပါ ... မေ။

မမုန်းရက်ဘူး
ရှုံးသတ်ဒဏ်ရာ
ကြမ္မာနှိပ်စက် ၊ အိပ်မက်မဲ့ ဆိုး
အလွမ်းမိုးမိ ၊ ဆိုးမည့် .. ဘဝ
လှပ..ပါစေ ။

မပြောရက်ဘူး
ကျော်သက်ခြေရာ၊
ဝေဒနာပြင်း ၊ ခွဲခွာခြင်းများ
ထို .. တရားတွေ ..
ခြွေလာပင့်သက် ၊ ရင်နင့်လျက် .. နွေ။
အေးမြပါစေ ။

မနှင်ရက်ဘူး
ရှင်လျက်သေဆုံး ၊
နှလုံးကွဲအက် ၊ နှင်းဆက်မေတ္တာ
သစ္စာနွေတေး ၊ ရင်ခွင်ဆွေးမှာ ..
တစ်ရေးလောက်သာ ၊ မှေးစက်ပါကွယ် ။

ဝေးသည်ထက်ဝေး
ဤ၀ဋ်ကြွေး .. သက် ၊
လက်ကျန်ဆက်ရန် ၊ ကျန်နေမှာစိုး
အဖြစ်မျိုးတွေ ..
( ဖြေပြေမရ
ကြေကြေမွလို့ )
ချစ်မိုးရွာမှ ငြိမ်းရစေ .. ။ ။

မောင်လှမျိုး 





 အလှကြည့်ဒေ၀ီ

ငါက ..
ပလက်ဖောင်းက .. လူ
( ဆင်းရဲသား ၊ အညတရ )
မင်း ကြည်ဖြူလို့
ချစ်ခဲ့ကြတာပါ .. ဟန်နီ။

ဂျင်းဘောင်းဘီ အစုတ်အပြတ် .. ၀တ်
ဦးထုပ်ကို ငိုက်စိုက်ဆောင်းထားရမှ၊
ငါ့ဦးခေါင်းနဲ့
ငါ့နှလုံးသား
လုံခြုံသွားတတ် သူပါ ဟန်နီ ။

လူကုံထံတွေအလယ်
မင်းရဲ့ ဖြူဝင်းနုနယ်တဲ့
လက်မောင်း ဖွေးဖွေးလေးကို
ငါ .. ဆေးဆိုးမိခဲ့သလား ။

နိုင်ငံခြားပြန်
သူဌေးသားတွေကြားမှာ ...
ကားတ၀ီဝီ
လက်ကိုင်ဖုန်း တမြည်မြည်
မလုပ်နိုင်လို့
လေးတင်ခန်းမှာ ..
ငါလွမ်းရတော့မှာလား .. ဟန်နီ။

မင်း ကောက်ခဲ့တာ
လမ်းပေါ်က .. ကျောက်ခဲပါ။
စိန်တွဲလွဲ .. ရွှေတွဲလွဲ တွေကြား
ငါ့ကို
ခေါ်မသွားပါနဲ့ ...ဟန်နီ။

လမ်းပေါ်က ကျောက်ခဲ
လမ်းပေါ်မှာပဲ
နေရဲပါတယ်။

အရောင်တဖိတ်ဖိတ်တောက်နေတဲ့
ဥရောပ ဦးနှောက်တွေကြားမှာ ..
ဟန်ဘာဂါကို
ရွရွလေးစားဖို့
ငါ့လျှာဖျား
ခါးနေတုန်းပါပဲ .. ဟန်နီ။

ဟန်နီ ..
မင်းနဲ့ .. ဆိုက္ကားအတူတူ စီးချင်တယ်
မင်းနဲ့ .. ဘတ်စ်ကားအတူတူ စီးချင်တယ်
မင်းနဲ့ .. ပလက်ဖောင်းပေါ်မှာ ထိုင်ချင်တယ် ။

မေမေက ..
ငါ့ကို
လမ်းပေါ်မှာ မွေးခဲ့တာတော့
မဟုတ်ပါဘူး ။
ဒါပေမဲ့ ..
ငါ့ဘ၀ရဲ့ အတွေးအခေါ်
လမ်းပေါ်ကလူတွေအကြား
နစ်မြုပ်ဖျော်စပ်ထားပြီးသားပါ။

အမြင်မတူလို့
အသွင်စိမ်းမယ်ဆိုရင်လည်း
သိပ်ချစ်ခဲ့မိတဲ့
အကြင်နာသူစိမ်း .. (၀ါ)
မျက်ရည်ထိန်းနိုင်တော့မှာ မဟုတ်ဘူး။

ဒါပေမဲ့
မင်းချစ်လို့
ကောက်.ယူခဲ့တဲ့ ကျောက်ခဲတစ်လုံး
မင်း ဘ၀ထဲက ..
ပျောက်ဆုံးသွာခဲ့ရင်တောင်
မင်းရှေ့ဆက်မယ့် လမ်းတစ်လျှောက်အတွက်
မင်း .. ခြေထောက်အောက်က
လမ်းခင်းတဲ့ ကျောက်ခဲအဖြစ်
ငါ..
ဆက်ရှိနေပါလိမ့်ဦးမယ် ... ။
ဒါပေမဲ့ ...
မင်း ဖွဖွလေး မနင်းရ ...။ ။





ဝေးသွားပြီ

မင်းရဲ့ ... လက်ချောင်းလေးတွေ
သိပ်လှတယ် ။ ဒါပေမဲ့
ငွေစက္ကူတွေ
ရေတွက်နေတာတော့ ..
အရုပ်ဆိုးတယ်။

မင်းရဲ့ ... နှုတ်ခမ်းလေး
သိပ်လှတယ် ။ ဒါပေမဲ့
နှုတ်ခမ်းနီ ခဏခဏ ဆိုးတာတော့
လွန်လွန်းတယ် ။

မင်းရဲ့ စကားလုံးတွေ
ပန်းကုံးသွယ်လို့ ၊ ခေတ်မီတယ်။
ဒါပေမဲ့ ...
အနောက်မျှော်တဲ့ ၊ ဥရောပ စကား
နားခါးတယ် ။

မင်းရဲ့ .. မျက်လုံးလေးတွေ
ရွှန်းလဲ့တယ် ။ ဒါပေမဲ့
ငွေရောင်လဲ့တဲ့
မျက်ဝန်းတံခါး
မင်း အမြင်လေး
မှားနေတယ် ။


လက်တွဲ ထားကြပေမဲ့
ငါက ဆင်းရဲသား
အားမငယ်တတ်ပေမဲ့
မင်းရဲ့ ဘာသာစကား
ငွေစက္ကူတွေ
များ .. များ... လာတော့
( တို့ နှစ်ယောက်ရဲ့
နှလုံးသား )
ချစ်လျက်နဲ့
ဝေးသွားတယ် ...။ ။

မောင်လှမျိုး



 ညစောင့်

မင်းကို .. .မျှော်နေတယ်
နေရောင်ခြည် ၀င်းပတဲ့
နံနက်တစ်ခုကို မျှော်သလိုမျိုး ။

မင်းကို .. မျှော်နေတယ်
သာယာလှပတဲ့
( သဘာဝကျကျ )
နေ့လယ်ခင်း တစ်ခုကို မျှော်နေသလိုမျိုး ။

မင်းကို .. မျှော်နေတယ်
ဆည်းဆာရောင် ထွန်းပတဲ့
ညနေ တစ်ခုကို မျှော်နေသလိုမျိုး ။

မင်းကို မျှော်နေတယ်
လရောင်သွန်းဖျန်းမယ့်
လပြည့်ည တစ်ညကို မျှော်နေသလိုမျိုး

မင်းကို .. မျှော်နေတယ်
ကြယ်ရောင်စုံ လင်းလဲ့မယ့်
နက္ခတ်သဘင်ကို တောင့်တသလိုမျိုး

မင်းကို .. မျှော်နေတယ်
(ဒါပေမဲ့ ..
ညဉ်ပ ( ၁၂) နာရီ ကျော်သွားပြီ )
မင်းရဲ့
အိမ်ဝရန်တာကို လှမ်းကြည့်လိုက်တော့
မီးတွေ မှတ်သွားပြီ
မင်း ....
အိပ်ပျော်နေလောက်ပြီ။

ဒါပေမဲ့
မင်းကို .. မျှော်နေဦးမယ်
မနက်ဖန် တိုင်းအတွက်
အသက်ရှင်နေရသလိုမျိုး .. ။ ။



နှုတ်မဆက်နဲ့ နှင်း

အေးမြချိန်တန်လို့
နှင်းခ ခွင့်ရခဲ့တဲ့
ဘ၀ရဲ့
လှပတဲ့ ဆောင်းတစ်ညကို၊
တသသ တွေး ၊ မြတ်နိုးတေးသီ
ဝေးမည်လည်းစိုး ၊ မျက်ရည်မိုး
သွန်းဖြိုးဖူးပါတယ် ... နှင်း ဒ

ဝေးကြချိန်တန်လို့
အိမ်ပြန်ချိန် ကြုံရတဲ့
( ခဏတာ )
အေးမြတဲ့ ငါ့ ညကမ္ဘကို၊
တရေးရေးတွေး ၊ လွမ်းချင်းတေးသီ
ဝေးပြီ .. ဟုသိ ၊
နွေ၏လှောက်တိုက် ၊ ခေါင်းငိုက်စိုက်ချ
ပူပြင်းည .. ဆိုး ၊ ဘ၀မျိုးမို့
မျှော်ကိုးမှုများစွာ ..
မရေရာခဲ့ပါ .. နှင်း ။

ရုတ်တရက် ခွဲခွာ ၊ အသည်းနာ .. နင့်
ပြန်ဆုံခွင့် .. ဝေး ၊ ငါ့ရှေ့ရေးကို
တွေးတောကြည့်လှည့် ၊ ငိုမိခဲ့လျှင်
မျက်ရ်ာဖယ်သုတ် ၊ ရုတ်ခနဲ .. ခွာ
အသာထူထ ၊ နွေဘ၀အတွက်
ကြွေမြလက်သွယ် ၊ ယှက်နွယ်ယူဖြုတ်
မာန်ကိုထုတ်ကာ ၊
တသက်တာညှင်း ၊ ရင်ကွဲခြင်းအတွက်
နှုတ်မဆက်ပါနဲ့တော့ .. နှင်း ။ ။





မင်္ဂလာကိစ္စ ( အရေးပေါ် အစည်းအဝေး )

ဘ၀ဆိုးအချင်းချင်း
မင်းရဲ့ အနားမှာ ရှိနေရုံနဲ့တော့
အားပေးဖော် ..လို့
တံဆိပ်မကပ်ပါရစေနဲ့ ။

ဒုက္ခအချင်းချင်း ပခုံးထမ်းဖို့
ကြမ်းတမ်းတဲ့ ဘ၀ထဲ
မခေါ်ရဲတာ မဟုတ်ပါဘူး
မခေါ်ရက်တာပါကွယ်

" ဆင်းရဲသားပါ" လို့
မျက်လွှာကို အောက်ချပြီး
အောက်ကျ နောက်ကျ
ပြောပြနေတာ မဟုတ်ဘူး ။

ဒါပေမဲ့ ..
( ဆင်းရဲတာက
ဆင်းရဲတာပါပဲ )
ဆင်းရဲရင်
ဘာမှလုပ်လို့ မရတော့ဘူး ။

လူကသာ ဆင်းရဲပေမဲ့
အသည်းနှလုံးက ရှိနေပြန်တော့
အချစ်ဘဲလည်း ... မနေနိုင်ဘူး။

ကဲ ..
တို့ဆင်းရဲသားတွေအတွက်
နောက်ဆံ မငင်ဘဲ
ချစ်ရဲကြစို့ ။

သို့ .../
မြှားနတ်မောင်
ဆင်းရဲသား ရပ်ကွက်ထဲကို
အမြန်ပြန်လာပါ ...။ ။






သူနဲ့ .... ,
တွေ့ခွင့်မရတဲ့ ကာလတိုင်းမှာ ၊
သူ့ .. သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ်
ကိုယ့် .. သူငယ်ချင်းတွေ နဲ့ ဖြစ်ဖြစ် ၊
သူ့ရဲ့ အကြောင်း ..
မညောင်းမညာ
အချိန်တိုင်းမှာ ပြောချင်တယ် ။

သူနဲ့ ..
ခွဲနေရတဲ့ .. အခါတိုင်းမှာ ၊
သူ့ဓာတ်ပုံလေးနဲ့ ဖြစ်ဖြစ်
သူ့စာလွှာလေးနဲ့ ဖြစ်ဖြစ်
သူ့ကို .. သိပ်သတိရတဲ့ အကြောင်း
မညောင်းမညာ
နာရီတိုင်းမှာ ပြောချင်တယ် ။

သူနဲ့ ....
တွေ့ခွင့်ရတဲ့ အခါ ၊
အဲဒီ့ နေ့ရက်တွေထဲ
ကိုယ် ..
ဘယ်လောက်ရင်ကွဲခဲ့ရတယ်ဆိုတာ ...
သူ့ကို
ရင်ခွင်ထဲမှာထားပြီး ..
အားရပါးရ ပြောပြမယ် .. ။ ။


မောင်လှမျိုး
စာအုပ်လေးနဲ.လိုချင်၇င်တော.


pdf file  Download..>>mg hla myo poem

1 comment:

  1. ကျေးဇူးတင်လိုက်တာ

    ReplyDelete