06 January, 2012

ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်နေသူများအနေဖြင့် မိမိဘဏ်စာရင်းစာအုပ်တွင် အမေရိကန်ဒေါ်လာ ၁သောင်းနှင့်အထက်ရှိသူများအား ပြည်တွင်းသို့ မော်တော်ယာဉ် (အိမ်စီးကား) တစ်စီးတင်သွင်းခွင့်ပြုသွား မည်ဖြစ်ကြောင်းသိရှိရသည်။
မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်လွှာကို အလုပ်သမားဝန်းကြီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၊ အလုပ်သမားညွန့်ကြားရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ၊ ၆ရက်နေ့တွင် စတင်လျှောက်ထားနိုင်ကြောင်း သတင်းစာထုတ်ပြန်ချက်အရသိရသည်။
“အချက်တွေစုံတယ်ဆိုရင်တော့ အခုလျှောက်လို့ရပါပြီ။ အကန့်အသတ်တော့မရှိပါဘူး။ ဒါပေမယ့် ကားအစီးရေ ၃၀၀၀ လောက်ပေါ့။ ကားသုံးထောင်ဆိုရင် လူဦးရေလည်းသုံးထောင်လောက်ဖြစ်မယ်ထင်တယ်” ဟု အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
(လျှောက်လွှာလျှောက်ထားလိုသူများအနေဖြင့်လည်း ၀၁-၆၆၇၇၅၄ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။)
တင်သွင်းခွင့်လျှောက်ထားရာတွင် လျှော်ထားသူကိုယ်တိုင် (ပြည်ပတွင်အလုပ်လုပ်ကိုင်နေသူ) လက်မှတ် ရေးထိုးလျှောက်ထားရမည့် သတ်မှတ်ပုံစံလျှောက်လွှာ၊ ပြည်ပတွင်ရှိနေပါက လျှောက်ထားသူ၏ လက်မှတ် နှင့်အတူ လက်ဗွေပါရှိရန်၊ ပြည်ပနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နေသူ ဟုတ်/ မဟုတ်အထောက်အထား များပါရှိရန်လိုအပ်ပြီး  လျှောက်ထားသူ၏ မြန်မာနိုင်ငံဘဏ်၊ နိုင်ငံခြားငွေစာရင်းရှိ ငွေပမာဏအတွက် အခွန် ဆောင်ထားသော အခွန်ကျေကြောင်း သက်ဆိုင်ရာ မြန်မာသံရုံးများ၏ ထောက်ခံချက်မူရင်းနှင့် မိတ္တူများ၊ အလုပ်သမားမှတ်ပုံတင် ခြင်းအတွက် နိုင်ငံတော်သို့ FEC 100 ပေးသွင်းပြီးသည့် ချလန်မူရင်းနှင့် မိတ္တူ တို့လိုအပ်ကြောင်း သိရှိရသည်။
အဆိုပါကားတင်သွင်းခွင့်လျှောက်ထားသူသည် ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်သူဖြစ်ပြီး တင်သွင်းခွင့် ပြုမည့် မော်တော်ယာဉ် အမျိုးအစားမှာ ၂၀၀၇ ခုနှစ်- ၂၀၁၂ ခုနှစ်တွင်း ထုတ်လုပ်သည့် ကားအမျိုးအစားကို သာတင်သွင်းခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment